ရန်ကုန်  ၃၁   ဇန်နဝါရီ

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အပြည်ပြည်ဆိုင်ရာလေဆိပ်များ နှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယင်းသို့ဆောင်ရွက်ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုး (Guaungzhuo) လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ (ဇန်နဝါရီ ၃၁ ရက်) နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ဆိုက်ရောက်လာသည့် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ လေယာဉ် အမျိုးအစား A-319၊ လေယာဉ်အမှတ် B-6208 ဖြင့် လိုက်ပါလာသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသား အမျိုးသားခရီးသည် (၁) ဦးတွင် ကိုယ်ပူချိန်အနည်းမြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ခရီးသည်ကို ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်း (isolation room) သို့ပို့ဆောင်ထားရှိပြီး လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများနှင့်အညီ စောင့်ကြည့်လူနာ (person under investigation) အဖြစ် သတ်မှတ်ထားရှိကြောင်း။

 

အဆိုပါ ခရီးသည်ထံမှ ဓာတ်ခွဲနမူနာရယူ၍ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင် ရောဂါ ရှိ၊ မရှိ ကို အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း။

 

ထို့အပြင် အဆိုပါ လေယာဉ်ဖြင့်လိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးတွင် ကိုယ်ပူခြင်း၊ ဖျားနာခြင်း စသည့် ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသော်လည်း ဝေဘာဂီ အထူးကုဆေးရုံရှိ သီးခြားခန်းတွင်ထားရှိကာ ရောဂါကူးစက်မှု ရှိ၊ မရှိ စနစ်တကျ စောင့်ကြပ်ကြည့်ရှု (quarantine) လျက်ရှိကြောင်း သိရသည်။

 

ကျန်ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများသည် ပြည်တွင်းသို့ ဝင်ရောက်ခြင်းမရှိဘဲ ယင်းလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့၊ မွန်းလွဲ ၁  နာရီ မိနစ် ၅၀ အချိန်ခန့်တွင် ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။

 

MDN

Crd-Ministry of Health and Sports,Myanmar