နေပြည်တော် ၃၁  ဇန်နဝါရီ

 

2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ မိမိနိုင်ငံတွင် တွေ့ရှိပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ရေရှည်ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များအား ကိုင်တွယ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်သမ္မတရုံးမှ ဇန်နဝါရီ ၃၀ ရက်က ဖွဲ့စည်းခဲ့သည့် 2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေးကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်၍ ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

 

mdn

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားလျက်ရှိသည့် 2019 Novel Coronavirus ကြောင့် အဆုတ်ရောင် ရောဂါမှာ ကူးစက်ပြန့်ပွားမှု အရှိန်အဟုန် မြင့်မားလာနေပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိလာနေပြီဖြစ်ကြောင်း၊ ယနေ့ သတင်းများအရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် သေဆုံးသူဉီးရေမှာ ၂၁၃ ဉီး ရှိလာပြီဟု သိရပါကြောင်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ကူးစက်ပြန့်ပွားသူ ဝေဒနာရှင်အရေအတွက်မှာ ၉,၈၀ဝ နီးပါးရှိလာပြီဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ မြန်မာနိုင်ငံတွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ယင်းရောဂါကူးစက်ပျံ့နှံမှု တားဆီးကာကွယ်နိုင်ရန်နှင့် ရေရှည်ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်သွားရန်အတွက် ဗဟိုကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သွားရန် လမ်းညွှန်ခဲ့ပြီး နိုင်ငံတော်သမ္မတရုံးမှလည်း  ဇန်နဝါရီ ၃၀ ရက်တွင် 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီတစ်ရပ် ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များအဖြစ် (၁၂) ရပ် သတ်မှတ်ထားပါကြောင်း၊ အဆိုပါ ဗဟိုကော်မတီ၏ ညှိနှိုင်း အစည်းအဝေး မစတင်မီ ကနဦးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသဘောမျိုး ကျင်းပလို၍ ယနေ့အစည်းအဝေးကို ခေါ်ယူခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေး ခေါ်ယူရခြင်း၏ ရည်ရွယ်ချက်မှာ ဗဟိုကော်မတီအတွက် ချမှတ်ပေးထားသည့် လုပ်ငန်းတာဝန် (၁၂) ရပ်နှင့် ပတ်သက်၍ ဝန်ကြီးဌာနတစ်ခုချင်း၊ ဝန်ကြီးဌာန အချင်းချင်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများ၊ ရေရှည် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များအား ရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အစီအမံများအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းသွားစေလိုသည့် ရည်ရွယ်ချက်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များက လတ်တလော အခြေအနေအရ မြန်မာ-တရုတ် နယ်စပ်ဂိတ်များ နှင့်လေဆိပ်များတွင် ဝင်/ထွက် သွားလာသူများကို ကျန်းမာရေး စစ်ဆေးမှုများ ပိုမိုထိရောက်စွာ ပြုလုပ်သွားရေး၊ ပြည်သူလူထုအား ရောဂါကူးစက်ပျံ့ပွားမှုနှင့် ပတ်သက်၍ အသိပညာပေးရန်၊ နိုင်ငံတော်အစိုးရ၏ စီမံဆောင်ရွက်ချက်များကို အချိန်နှင့် တစ်ပြေးညီ ပြည်သူလူထုထံ ထုတ်ပြန်သွားရန်၊ သတင်းမှားများ ပျံ့နှံ့မှုမရှိစေရန်အတွက် တန်ပြန်ဆောင်ရွက်မှုများအား အချိန်နှင့် တစ်ပြေးညီ လုပ်ဆောင်သွားရန်၊ ဝူဟန်မြို့သို့ ရောက်ရှိနေကြသည့် မြန်မာကျောင်းသား/ကျောင်းသူများ အပါအဝင် နိုင်ငံသားများအား ပြန်လည်ခေါ်ယူရေး အစရှိသည်တို့နှင့်စပ်လျဉ်း၍ ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

mdn

 

2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

 

သတင်းစဉ်