သတင်းဆောင်းပါး - ဦးဟန်ညွန့် (ဥပဒေ)
နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေနှင့် “အချစ်နှင့်အမုန်း” ပါတဲ့”
“ ကဗျာဆန်လိုက်တာနော် ဆရာ”
“အေးဗျာ၊ စာရေးဆရာကြီး ဒဂုန်တာရာရေးတဲ့ နာမည်ကျော် ကဗျာတစ်ပုဒ်ပါပဲ”
“အကျိုးအကြောင်း ရှင်းပြပါဦးဆရာ ”
“အေးဗျာ ... ခံစားကြည့်ကြပါစို့”
အချစ်နှင့်အမုန်း
ပျိုးသောသစ်ပင်
ရှင်သန်သောအခါ မြေမှာပေါက်လာ
ဖူးညှာသီးဆင့် အပွင့်ခိုင်တွဲ
ကြဲသောမျိုးကို ခူးရမြဲ ။
အမုန်းပင်ကို
စိုက်လိုမူကား ဝန်တိုဖြူစူ
မကြည်ဖြူစတမ်း၊ ဆိုးသွမ်းရက်စက်
ညှဉ်းပန်းလေရာ၊ လိမ်ညာဖုံးဝှက်
လုယက်သတ်ဖြတ်၊ သူ့ အားရွံ့ရှာ
မေတ္တာကင်းပ၊ မဲ့ကြ၊ ရွဲ့ကြ၊ ကဲ့ရဲ့ကြ
ရန်သူကဝိုင်း၊ တစ္ဆေသင်္ချိုင်း
တောရိုင်းကန္တာရ ခြောက်သွေ့လှသည်
သူ့သာ အထီးကျန်။
အချစ်ပင်ပျိုး
စိုက်ပျိုးသူကား၊ သနားကြင်နာ
ညှာတာသည်းခံ၊ စံလျှင်ဝေမျှ
ခံစရာရှိက၊ ရှေ့မှသူရပ်
မားမားမတ်သည် အများပြည်သူ
လူတကာက မြတ်နိုးခံရ
မေတ္တာခံရ၊ ရန်သူမရှိ
လိုလားသူသာ၊ ဝန်းရံလျက်
နှစ်သက်ခင်မင် လွတ်လပ်ပျော်ရွှင်
စည်ပင်ဝပြော၊ လှပလန်းဆန်း
ငြိမ်းချမ်းသာသာ အေးမြမြဲ။
အမုန်းပင်မျိုး
သည်အမျိုးလျှင်၊ အချစ်ပင်မပေါက်
မုန်းညွန့်ညွန့်ကြ၊ သူ့ဘဝ၏
ဓမ္မတရား၊ သင်ကြားခဲ့သည်
သင်ဘယ်သစ်ပင် စိုက်မည်နည်း
(၁၉၈၁၊ အောက်တိုဘာ ရှုမဝမဂ္ဂဇင်း)
အလွတ်နီးပါး
ဆရာကြီး ဒဂုန်တာရာ ရေးခဲ့သော ထင်ရှားသည့် ကဗျာတစ်ပုဒ် ဖြစ်ပါပေသည်။ အချစ်နှင့် အမုန်း၏ ကွာခြားမှုကို ကွက်ကွက်ကွင်းကွင်း အလင်းပြခဲ့ခြင်းလည်း ဖြစ်ပါသည်။ ကျွန်တော် ကြိုက်လွန်း၍ အလွတ်နီးပါး ရခဲ့သော ကဗျာတစ်ပုဒ်လည်း ဖြစ်ပါသည်။
ဆရာကြီး ဒဂုန်တာရာက
“ကျွန်တော်သည် ပန်းပွင့်ချိန်ကို မျှော်မှန်းတွေးခေါ်ကာ အထက်ပါကဗျာကို ရေးဖွဲ့မိခြင်း ဖြစ်သည်။ လူသားတို့၏ မျှော်မှန်းချက်၊ လူသားတို့၏ ချစ်ခြင်းမေတ္တာတရားကို ကိုယ်စားပြုမည်ဆိုလျှင် ပန်းပွင့်ချိန် မျှော်မှန်းချက်သည် အားကောင်းသည်ဟု ဆိုနိုင်မည်ထင်သည်။ အချစ်ပန်းပွင့် ချိန်တွင် ကမ္ဘာကြီးသည် အေးချမ်းသာယာ အနုပညာတို့ လွတ်လပ်စွာ ဖူးပွင့်ဝေဆာမည် ဖြစ်ပေသည်” စသည်ဖြင့် ၁၉၈၇ ခုနှစ် ဇူလိုင်လ စံပယ်ဖြူ မဂ္ဂဇင်းတွင် အချင်နှင့်အမုန်း ကဗျာအကြောင်း ရှင်းလင်းတင်ပြ ရေးသားခဲ့သေးသည်။
ရန်သူမရှိ၊ မိတ်ဆွေသာရှိ
“ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ၊ ချစ်သူသာရှိ” ဟူသော စကားရပ်မှာ ထင်ရှားလှသည်။ ဆရာကြီး ဒဂုန် တာရာ၏ လက်သုံးစကားလည်းဖြစ်၍ လူတိုင်း၏ရင်မှာ စွဲခဲ့သည်။ ကျွန်တော်တို့နှလုံးသားထဲမှာ အမြဲကိန်းဝပ်ခဲ့ သောစကား၊ ချစ်ကြည်ရေးစကား၊ ငြိမ်းချမ်းစကား။ အမြဲကြိုဆိုအပ်သော မေတ္တာတရား-------။
ဆရာကြီး ဒဂုန်တာရာကလည်း အထက်ပါ စကားရပ်ကို ၁၉၉၀ ပြည့်နှစ်ကျော်ကျော်လောက်က မိမိကိုယ်ကို မဲဇာ သို့ပို့ခြင်းကဏ္ဍတွင် ရရှိခဲ့ကြောင်း ဘဝအတွေ့အကြုံ၊ သမိုင်း ခေတ်အတွေ့အကြုံကို ဖြတ်သန်းရင်းရရှိခဲ့သော အတွေး အခေါ်ဖြစ်ကြောင်း ထုတ်ဖော်ရေးသားခဲ့ဖူးလေသည်။
ပြည်တွင်းစစ်
ကျွန်တော်တို့၏ မြန်မာနိုင်ငံတော်သစ်သည် ၁၉၄၀ ပြည့်နှစ်ကစ၍ ပြည်တွင်းစစ်နှင့် ကြုံတွေ့ခဲ့ရကြောင်း၊ နေ့စဉ်ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိပါးသောအဖြစ်အပျက်များ သိရှိဖတ်ရှုခဲ့ရကြောင်း၊ သည်တော့ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသည်ဖြင့် ငြိမ်းချမ်းရေးကို စိတ်ဝင်စားခဲ့ပါကြောင်း၊ ယင်းသို့သော သမိုင်းအတွေ့ အကြုံများမှ ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ၊ ချစ်သူ သာရှိ ဟူသော အတွေးအခေါ်ကို ရရှိခဲ့ကြောင်း၊ အမုန်းပင် စိုက်ပျိုး၍ အချစ်ပန်းမပွင့်ဟူသော အတွေးအခေါ်ကို ရရှိခဲ့ကြောင်း၊ အချစ်ပင်စိုက်မှ အချစ်ပန်းပွင့်မည်သာ ဖြစ်ကြောင်း ... ဆရာကြီးဒဂုန်တာရာက တင်ပြခဲ့ဖူး၍ ကျွန်တော်မှတ်မိနေပါသည်။
ရန်သူဆိုသော စကားလုံး
ရန်သူဆိုသောစကားလုံးသည် စစ်ပွဲများတွင် သာ သုံးသင့်သည်။ အရပ်သားချင်း လောကတွင် မသုံးသင့်ဟု ထင်ပေသည်။ မိမိက ရန်သူဟူ၍ သဘောမထား။ သို့သော် မိမိကို ရန်လိုလျှင် ကတော့ မတတ်နိုင်။ ထို့ကြောင့် ကျွန်တော်က ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ၊ ချစ်သူသာရှိဟု တွေးမိခြင်းဖြစ်သည်။ အယူအဆ မည်ကဲ့သို့ပင် ကွဲပြားနေစေကာမူ တစ်ဖက်နှင့်တစ်ဖက် တစ်ယောက်နှင့်တစ်ယောက် နားလည်လျှင် ရန်ဖြစ်စရာ အကြောင်း ရှိမည်မထင်ဟုလည်း ဆရာကြီး ဒဂုန်တာရာ က ရေးခဲ့ပေသေးသည်။
(ဒဂုန်တာရာ၏ နိုင်ငံရေးယဉ်ကျေးမှု၊ စာ-၃၄၊ ၂၀၁၀ ဇွန်လ၊ တိုးမြစ်စာအုပ်တိုက်)
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေးအကြောင်း သိချင်း လေ့လာချင်၍ စာအုပ် များစွာ ရှာဖွေဖတ်ရှုခဲ့ပါသည်။ ငြိမ်းချမ်းရေးအတွေ့အကြုံ ကြွယ်ဝသော ပုဂ္ဂိုလ်ကြီး အချို့နှင့်လည်း ကျွန်တော် တွေ့ဆုံးဗဟုသုတရယူဖူးပါသည်။
ငြိမ်းချမ်းရေးညီလာခံများသို့လည်း ရှေ့နေတစ်ဦးအဖြစ် တာဝန်အရရော၊သာမန် စိတ်ဝင်စားသူ အနေဖြင့်ပါ ကျွန်တော် တက်ရောက်လေ့လာခဲ့ဖူးပေသည်။ ဘယ်တော့ ပြီးမည်လဲ၊ ဘယ်တော့ ငြိမ်းချမ်းရေးရမှာလဲဟူသော အားမလိုအားမရ ဝေဒနာကိုသာ ရခဲ့လေသည်။ ပြည်သူ အပေါင်း၏ မျှော်တလင့်လင့် ဇာတ်လမ်းများ (မပြီးသေး သော ပန်းချီကားပမာ) ဖြစ်ခဲ့ရလေသည်။ ပြည်သူတို့ကို ကျောခိုင်း၍ သွားလေပြီဟူသော ပေါက်ခေါင်းသတင်း ထောက်ကြီး ဦးအုန်းရှိန်၏ ဓာတ်ပုံကိုလည်း မျက်စိထဲတွင် ပြန်လည်မြင်ယောင်မိလေသည်။
သမိုင်းသုတေသီ ဒေါက်တာစိန်မြင့်
သမိုင်းသုတေသီ ဒေါက်တာစိန်မြင့် ပြုစုသော “ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရင်းဖြင့် ငြိမ်းချမ်း ရေး”(၁၉၆၃-၁၉၈၈) စာအုပ်၊ စာ ၁၇၅ တွင်“လက်နက်ကိုင်အင်အားစုများလည်း လက်နက်အပ် ရေးကို လုံးလုံးစိတ်မဝင်စားသဖြင့် လက်နက်ကိုင်လျက် ငြိမ်းချမ်းရေးကိုသာ တည်ဆောက်လိုပေသည်။ ထိုသို့ဖြင့် ငြိမ်းချမ်းရေးတမ်းတမှု မျှော်လင့်ချက်များသည် ပျောက် ကွယ်လျက် ပျောက်ဆုံးသွားလျက်သာ ရှိနေခဲ့ပြီ။ တွေ့ ဆုံဆွေးနွေးရေးသည်လည်း ပျောက်ကွယ်ခဲ့ရ၊ ပျက်ပြားခဲ့ရ ပေတော့သည်။ ပြည်တွင်းစစ်သည်လည်း မရပ်မနား ဆက်လက်ဖြစ်ပွားခဲ့လေတော့သည်” ဟူ၍ သမိုင်း မှတ်တမ်းတင် သံဝေဂရေးသားခဲ့ဖူးချက်ကို ကျွန်တော် အမြဲသတိ၊ သတိထားနေမိသည်။ သမိုင်းသံဝေဂဟူ၍ပင် ကျွန်တော် တွေးထင်နေမိလေသည်။
နိဂုံး
(၁) သင်ဘယ်သစ်ပင်စိုက်မည်နည်း ... တဲ့။
(၂) အမုန်းပင်လား။
(၃) အချစ်ပင်လား။
(၄) ဝေခွဲပိုင်းခြားချိန်တန်ပါပြီ ...။