မန္တလေး  ၁   ဖေဖော်ဝါရီ

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံသို့ တင်သွင်းသော ပဲဈေးကွက်နှင့် ရောင်းအားများ ကျဆင်းနေကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။

 

“ဒီရောဂါပိုးကြောင့် ကုန်ဈေးနှုန်းတွေ တော်တော်ကျသွားတယ်။ ပဲတီစိမ်းဆို တစ်အိတ်ကို တစ်သောင်းလောက် အစောပိုင်းကျသွားတယ်။ အခုဆိုရင် နည်းနည်းတော့ ပြန်တက်လာပါပြီ။ လက်ရှိ ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ရောဂါအခြေနေပေါ်မှာ မူတည်မှာပဲ။ ရောဂါတွေအားလုံး ရပ်တန့်သွားပြီ။ အားလုံး ရောင်းလို့ဝယ်လို့ အဆင်ပြေပြီဆိုရင်တော့ ပုံမှန်အနေထား အားလုံးပြန်ဖြစ်သွားကြမှာပါ ” ဟု မန္တလေးကုန်စည်ဒိုင် အလုပ်အမှုဆောင် ဦးသိန်းစံက ပြောသည်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် ကျဆင်းသွားသော ပဲဈေးနှုန်းများမှာ ပဲတီစိမ်းရွှေဝါ ဗိုင်းရပ်စ်ရောဂါမဖြစ်မီ ၁၂၉၀၀၀ ကျပ်မှ ၁၃၀၀၀၀ ကျပ်ဈေးဖြင့် ရောင်းချခဲ့ရာမှ ရောဂါဖြစ်သောအချိန်တွင် ၁၂၀၀၀၀ ကျပ် ဈေးနှုန်း ထိကျဆင်းသွားခဲ့ကြောင်း၊ ပဲရင်း ဈေးနှုန်းမှာ ရောဂါမဖြစ်မီက ၇၈၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့ရာမှ ရောဂါဖြစ်ပွားပြီးနောက် ၆၀၀၀၀ ကျပ်ထိ ကျဆင်းခဲ့ကြောင်း၊ လမ်းပဲများမှာ ရောဂါမဖြစ်မီက ၁၂၂၀၀၀ မှ ၁၂၄၀၀၀ ကျပ် ဖြင့်ရောင်းခဲ့ရာမှ ရောဂါဖြစ်ပွားပြီးနောက် ၁၁၆၀၀၀ ထိ အနိမ့်ဆုံး ဈေးချပြီး ရောင်းခဲ့ရကြောင်း၊ မြေတောက်ပဲကို ရောဂါမဖြစ်ပွားမီက ၁၀၈၀၀၀ ကျပ် ရောင်းချခဲ့ရာမှ ရောဂါဖြစ်ပွားချိန်တွင် ၁၀၃၀၀၀ ထိ ကျဆင်းသွားခဲ့ကြောင်း၊ မြေပဲဆန် ဈေးနှုန်းမှ ရောဂါမဖြစ်မီ ၃၀၀၀ ကျပ်ကျော်ဖြင့် ရောင်းချခဲ့ရာက ရောဂါဖြစ်ပွားပြီးနောက် ၂၈၀၀ ထိ ဈေးနှုန်းတွေ ကျဆင်းသွားကြောင်းနှင့် ယခုလက်ရှိ ရက်များတွင် ဈေးနှုန်းများ အနည်းငယ် ပြန်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။

 

“လက်ရှိ ချင်းရွှေဟော် - မူဆယ်အခြမ်းကတော့ ကျွန်တော်တို့ ဒီဘက်က တချို့လည်း နည်းနည်း တင်ကြတယ်။ တင်ပြီး နယ်စပ်ဂိုဒေါင်တွေမှာ ထားကြတာ များတယ်။ အခုရက်အတွင်း တင်ပို့မှု အရမ်းနည်းတယ်။ ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၉၀ ရာခိုင်နှုန်းလောက်က သွားမရဘူး။ ယခုရက်ပိုင်းအတွင်း တရုတ်ပြည်ရဲ့ ဗိုင်းရပ်စ်အခြေနေကြောင့် ကားခဈေးတွေ တက်သွားတယ်။ ဘာကြောင့်တက်တာလဲဆိုတော့ လက်ရှိအနေထားအရ ဒီအခြေနေကြောင့် တက်သွားတာပါ။ ဟိုဘက် သွားပြီးရင် ပြန်ဆင်းဖို့ကျ အဆင်းကုန်မရှိဘူး အဲဒါတွေကြောင့်လည်း ပါတယ်။ ” ဟု မန္တလေး - မူဆယ် ပဲကုန်သည် ကိုစိုးက ပြောသည်။

 

ယခုလက်ရှိ ပဲဝယ်လိုအားမှာ တစ်ရက်လျှင် ယခင်က တွဲကား ၇၀မှ တွဲကား ၈၀ (တွဲကား တစ်စီးလျှင် ပဲအိတ် ၇၀၀) ရောင်းချခဲ့ရာမှ ယခုရောဂါဖြစ်ပွားနေချိန်တွင် တွဲကား ၂၅ စီးမှ တွဲကား ၃၀ စီး သာ ရောင်းရကြောင်းနှင့် ရောဂါပျံ့နှံ့ ကူးစက်မှု မဖြစ်စေရန် မန္တလေးကုန်စည်ဒိုင်တွင် နိုင်ငံခြားသားဧည့်သည်များ ဝင်ထွက်သွားလာခွင့်ကို ရောဂါထိန်းချုပ်နိုင်သည့် အချိန်ထိ ပိတ်ထားကြောင်း သိရသည်။

တင်ဇာလှိုင်