မင်းဘူး ၁ ဖေဖော်ဝါရီ        

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားကြီးအနီးတွင် ဖွင့်လှစ်ထားရှိသည့် ရွှေစက်တော်ဆင်စခန်းတွင် ယခုရက်ပိုင်း မန်းရွှေစက်တော် ပါဒစေတီတော်ဗုဒ္ဓပူဇနိယပွဲတော်လာ ဘုရားဖူးပြည်သူများက လာရောက်ပြီး ဆင်စာကျွေးမွေးခြင်း၊ ဆင်များနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းနှင့် ဆင်စီး၍ မန်းချောင်းတစ်လျှောက် တောတွင်းသဘာဝ ရှုခင်းများကို အပန်းဖြေလည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ရွှေစက်တော်ဆင်စခန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်ညွှန်ကြားမှုဖြင့် ၂၀၁၉ ခုနှစ်က စတင်၍ ဖွင့်လှစ်ကာ နိုင်ငံတော်အတွက် ခရီးသွားဝင်ငွေရရှိနိုင်ရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများတွင် အထောက်အကူပြုစေရန်နှင့် ပြည်သူများ ဆင်နှင့် ပတ်သက်ပြီး မြတ်နိုးတန်ဖိုးထားကာ အနီးကပ်လေ့လာနိုင်ရန်အတွက် ရည်ရွယ်ပြီး စီစဉ်ဖွင့်လှစ်ထားရှိပေးခြင်းဖြစ်ကြောင်း သိရသည်။  

 

 “ယခုရက်ပိုင်း ကျွန်တော်တို့ မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရားအနီးရှိ ရွှေစက်တော်ဆင်စခန်းကို ပြည်တွင်းခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်မှုများပါတယ်။ မန်းရွှေစက်တော်ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနေတဲ့အချိန်ဖြစ်လို့ ပြည်တွင်းဘုရားဖူး ဧည့်သည်တွေက ရွှေစက်တော်ဘုရားကြီးကို ဖူးမြော်ပြီးတာနဲ့ ဆင်စခန်းကို လာရောက်ပြီး စိတ်အေးလက်အေး အပန်းဖြေအနားယူကြပါတယ်။ ကျွန်တော်တို့ ရွှေစက်တော်ဆင်စခန်းမှာဆိုရင် လာရောက်လည်ပတ်ကြသူများ ညအိပ်၊ ညနေ နေထိုင်နိုင်ရန်အတွက် လုံးချင်းတည်းခိုဆောင်များ ဆောက်လုပ်ထားရှိပြီး တစ်လုံးလျှင် တစ်ည ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ငှားရမ်းတည်းခိုနိုင်သလို၊ အမှတ်တရ လက်ဆောင်ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်များကိုလည်း စီစဉ်ထားရှိပေးထားပါတယ်။ ဒါ့အပြင် ဆင်ချစ်သူများအတွက် ဆင်များကို အနီးကပ် လေ့လာနိုင်ခြင်း၊ ကိုယ်တိုင်ဆင်စာကျွေးနိုင်ခြင်း၊ ဆင်များနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်ခြင်း ဆင်စီးပြီး မန်းချောင်း တစ်လျှောက်ရှိ တောတွင်းသဘာဝရှုခင်းအလှများကို လည်ပတ်အပန်းဖြေနိုင်ခြင်းများ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ယခုဆိုရင် ကလေးများ ပျော်ရွှင်စွာ ကစားနိုင်ရေးအတွက် ကလေးကစားကွင်းတစ်ခုကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဆင်စီးမယ်ဆိုရင်တော့ တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ နှုန်း ကောက်ခံပြီး ဆင်စာကျွေးမယ်ဆိုရင်တော့ ဆင်စာ တစ်ပွဲကို ငွေကျပ် ၁၀၀၀ နှုန်းနဲ့ ရောင်းချပေးပါတယ်။ ရွှေစက်တော်ဘုရားပွဲတော်ကာလအတွင်းမှာ ဆင်စီးပြီးလည်ပတ်ချင် တဲ့သူတွေ အဆင်ပြေစေရေးအတွက် ဆင်(၁၂)ကောင် စီစဉ်ထားပါတယ်။ ဒီကိုလာလည်တဲ့ ဘုရားဖူးဧည့်သည်တွေက ဆင်တစ်ကောင်ချင်းစီရဲ့ လိမ္မာတဲ့ ချစ်စရာအပြုအမူများကို နှစ်ခြိုက်သဘောကျပြီး ဆင်စာကျွေးကာ အမှတ်တရ မှတ်တမ်း ဓာတ်ပုံရိုက်ကူးကြပါတယ်။ ယခုရက်ပိုင်း မန်းရွှေစက်တော်ဘုရားပွဲတော်လာ ပြည်တွင်းဘုရားဖူးဧည့်သည်တွေက ဆင်စခန်းကိုလာပြီး အပန်းအဖြေအနားယူကြလို့ အရမ်းစည်ကားလျက်ရှိနေပါတယ်” ဟု အဆိုပါ ရွှေစက်တော်ဆင်စခန်းမှ ဆင်ဦးစီးတစ်ဦးက ပြောပြသည်။

 

 ရဲဝင်းနိုင် (ညောင်ဦး)