မြိတ် ၁ ဖေဖော်ရီ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကလေးငယ်များ၌ ရိုတာဗိုင်းရပ်(စ်)ကြောင့် ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေးကို (၂) လသား ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်တွင် ထည့်သွင်းကာ ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းမှ စတင်တိုက်ကျွေးခဲ့သည်။
တစ်နှစ်အောက်ကလေးငယ်များ၌ ဖြစ်ပွားသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောခြင်း၏ (၃၅)ရာခိုင်နှုန်းမှ (၆၀)ရာခိုင်နှုန်းအထိ ရိုတာဗိုင်းရပ်(စ်)ကြောင့် ဖြစ်ပွားတတ်ပြီး အခြားရောဂါပိုးမွားများကြောင့်လည်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနိုင်ကြောင်း၊ ရိုတာဗိုင်းရပ်(စ်)ပိုးသည် အလွန်ကူးစက်လွယ်ပြီး မစင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါဖြစ်ကာ မသန့်ရှင်းသောလက်၊ မသန့်ရှင်းသော အစားအစာနှင့် ရေတို့မှတစ်ဆင့် အခြားကလေးငယ်များသို့ ကူးစက်ခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
“ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့၌ မွေးဖွားသည့် (၂)လအရွယ် ကလေးငယ်များကို စတင်တိုက်ကျွေးခြင်းဖြစ်ပြီး လစဉ်(၂)လပြည့် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်မှာ တိုက်ကျွေးသွားမှာဖြစ်ပါတယ်။ ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး တိုက်ကျွေးထားတဲ့ ကလေးငယ်များ (၄)လပြည့်ရင် နောက်တစ်ကြိမ် ထပ်မံတိုက်ကျွေးမှာ ဖြစ်ပါတယ်”ဟု ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာလွင်လွင်မွန်က ပြောသည်။
ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်တွင် စတင်ထည့်သွင်း တိုက်ကျွေးခြင်း ဖွင့်ပွဲအခမ်းအနားကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလွင်လွင်မွန်က ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆေးတိုက်ကျွေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် (၂)လအရွယ် ကလေးငယ်များအား ကာကွယ်ဆေးတိုက်ကျွေးရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ကလေးငယ်များအတွက် အမှတ်တရ အရုပ်လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)