ပြည် ၁ ဖေဖော်ဝါရီ
ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စု၊ မှော်ဇာပြတိုက်ဝင်ပေါက်အနီး ပြည်-ပေါက်ခေါင်းလမ်းတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာ ယာဉ်မောင်းညပ်နေပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြည်မြို့မှ ပေါင်းတလည်မြို့သို့ မောင်းနှင်လာသော Light Truck (အဖြူရောင်) ယာဉ်သည် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ယာဉ်အားရှောင်တိမ်းရာမှ အရှိန်လွန်၍ လမ်းဘေးရှိအုတ်ခုံအား ဝင်တိုက်မိရာ ယာဉ်မောင်းညပ်နေခြင်းဖြစ်သည်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ ပြည်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၁၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး၊ လူမှုရေးအသင်းအဖွဲ့ဝင် (၃၀)ဦးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ကားခေါင်းခန်းအတွင်း ညပ်နေသည့် ယာဉ်မောင်းအား ကယ်ထုတ်ခဲ့ပြီး ယာဉ်ပေါ်ပါ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား (၃)ဦး၊ အမျိုးသမီး (၄)ဦးတို့အား ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပရဟိတအသင်းများက လူနာတင်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။
MDN


