မင်းဘူး ၂ ဖေဖော်ဝါရီ

 

မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို ဇန်နဝါရီ ၂၉ ရက်က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး ပွဲတော်လာပြည်သူများ မန်းချောင်းအတွင်း ရေချိုးဆင်းလျှင် အန္တရာယ်ကင်းစေရန်အတွက် ရေနစ်ဝဲရှိသည့် နေရာများ၌ သတိပေးစာများ ချိတ်ဆွဲပြသထားကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

 

ရေနစ်ဝဲများရှိသည့် နေရာများဖြစ်သည့် ဆင်သေဝဲ၊ ကျောက်လက်မောင်းဝဲ၊ တရုတ်ဝဲ၊ လှေတင်ဝဲ စသည့်အန္တရာယ်ရှိတဲ့နေရာ (၄)ခုကို ဝါးကပ်များဖြင့် ခြံခတ်ပိတ်ကာ အထူးသတိပေးစာများ ချိတ်ဆွဲပြသထားလျက်ရှိသည်။

 

“တရုတ်ဝဲရဲ့ ရေအနက်က ခန့်မှန်းပေ (၃၀)လောက်နစ်တယ်။ နှစ်စဉ်အများဆုံး ရေနစ်သေဆုံးလေ့ရှိတဲ့ နေရာပါ။ ဆင်သေဝဲ၊ ကျောက်လက်မောင်းဝဲနှင့် တရုတ်ဝဲ စတဲ့ နေရာ (၃)ခုကတော့ ပွဲတော်ဝန်းအတွင်းရှိတယ်။ လှေတင်ဝဲကတော့ ဘုရားပွဲတော်ဝန်းရဲ့အပြင်ဘက် လှေတင်တံတားအောက်မှာ ရှိပါတယ်။ ဘုရားဖူးလာ ပြည်သူများအနေနဲ့ အထူးသတိပေးစာများ ကပ်ထားတဲ့ ဝါးကပ်ခြံအတွင်း ဝင်ရောက်ရေမချိုးမိအောင် အထူးသတိထားရမှာပါ”ဟု ပွဲတော်အနီးရှိ ဘုရားကျေးရွာ အုပ်ချုပ်ရေးမှူး ဉီးကြည်လွင်က ပြောသည်။

 

ပွဲတော်ကျင်းပနေစဉ်အတွင်း ဘုရားဖူးများ၏ လုံခြုံရေးအတွက် အရပ်သားလုံခြုံရေး ၃၀ ဦးခန့်ထားပြီး ရဲတပ်ဖွဲ့အင်အား ၁၂၀ က တာဝန်ယူပေးထားကြောင်း၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်စခန်းကြီးတစ်ခု တည်ဆောက်ထားပြီး ဒိုင်းရှင်းစက်များကို ချောင်းစပ်များ၌ အသင့်ချထား​ကြောင်း၊ စျေးသည်များပါဝင်သည့် စျေးကော်မတီနှင့် ပရဟိတအဖွဲ့များ၏ ကူညီမှုဖြင့် လူနာတင်ယာဥ်လေးစီးကို အသင့်ထားရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန်များဖြင့် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ပေးသွားမည်ဖြစ်ကြောင်း ဂေါပကအတွင်းရေးမှူး ဦးခင်မောင်စိုးက ပြောသည်။

 

မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို ၂၀၁၉ ခုနှစ်က ၆၈ ရက်ကြာကျင်းပခဲ့ပြီး ယခုနှစ်တွင် ဇန်နဝါရီ ၂၉ ရက်မှ ဧပြီ ၁၇ ရက်အထိ ရက်ပေါင်း ၈၀ ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇေယျတု(မကွေး)