ညောင်လေးပင် ၂ ဖေဖော်ဝါရီ

 

ဒေသအတွင်းရှိ တောင်သူလယ်သမားများ စိုက်ပျိုးရေရရှိနိုင်ရေး၊ ရေဘေးကာကွယ်ရေးနှင့် ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာ‌စေရေးအတွက် ပဲခူးခရိုင်တွင် အချိန်တိုအတွင်း သိသာထင်ရှားစွာ အကျိုးပြုနိုင်မည့် ရေနုတ်မြောင်းသုံးခု တူးဖော်သွားမည်ဖြစ်ပြီး ညောင်လေးပင်မြို့နယ်အတွင်းရှိ ချိန်းချောင်းအပိုင်း(၂) တူးဖော်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နေကြောင်း ညောင်လေးပင်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်အောင်၏ ပြောကြားချက်အရ သိရသည်။

 

ညောင်လေးပင်မြို့နယ်အတွင်းရှိ ချိန်းချောင်းအပိုင်း(၂) တူးဖော်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၁၅ ရက်ကစတင်၍ အပိုင်း(၃)ပိုင်းခွဲကာ တင်ဒါအောင်ကုမ္ပဏီသုံးခုမှ စက်ယန္တရား အစီး ၂၀ ဖြင့် ဆောင်ရွက်‌နေကြောင်း သိရသည်။

 

ယင်းချိန်းချောင်းအပိုင်း(၂) တူးဖော်ခြင်းလုပ်ငန်းမှာ အရှည် ၁၁ ဒသမ ၅၀ မိုင်ရှိပြီး မြေကြီးလုပ်ငန်းပမာဏမှာ ၃၆၆၀၀၀ ကျင်းဖြစ်ကာ ပြည်ထောင်စုဘတ်ဂျက် ငွေကျပ် ၁၁၉၇ ဒသမ ၃၃၇ သန်းဖြင့် ဧပြီလအတွင်းပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်‌ကြောင်း သိရသည်။

 

ယခုကဲ့သို့ ချိန်းချောင်းအပိုင်း(၂) တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခြင်းဖြင့် ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆)စုရှိ လယ်မြေဧရိယာ ၁၂၀၀၀ ဧကခန့်ကို နှစ်စဉ်ရေကြီးနစ်မြုပ်မှုမှ လျော့ပါးသက်သာစေမည်ဖြစ်ကာ စိုက်ပျိုးရေရရှိ၍ ယခင်ထက် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် လေးခု၊ ပဲခူးတိုင်းဒေသကြီးတွင် ရှစ်ခု၊ မကွေးတိုင်းဒေသကြီးတွင် နှစ်ခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ခြောက်ခုနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ငါးခု စုစုပေါင်း ၂၅ ခု တူးဖော်သွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးရုံးမှ သိရသည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းရှစ်ခုအနက် ပဲခူးခရိုင်အတွင်း သုံးခုပါဝင်ပြီး ညောင်လေးပင်မြို့နယ်တွင် ချိန်းချောင်းအပိုင်း(၂) တူးဖော်ခြင်းလုပ်ငန်း၊ သနပ်ပင်မြို့နယ်တွင် မင်းရွာ-ဝင်းကဒတ်ရိုး တူး‌ဖော်ခြင်းလုပ်ငန်းနှင့် မင်းရွာ ARDC-ခလပ်စုရိုး တူးဖော်ခြင်းလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

 

သက်လွင် (ညောင်လေးပင်)