ဇီးကုန်း ၂ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးအား ပုံမှန်ကာကွယ် ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်းတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာဇော်နိုင်ဦးနှင့် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သွယ်သွယ်ဇင်တို့က ဖဲကြို့ဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် ဒေါက်တာဇော်နိုင်ဦးက ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်း တိုက်ကျွေးသည့် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ပတ်သက်၍ အသက်(၅)နှစ်အောက် ကလေးငယ်များတွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေသော အဓိကအကြောင်းရင်းမှာ ရိုတာဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်ပြီး တစ်နှစ်အောက် ကလေးငယ်များတွင် ဖြစ်ပါက ရေဓာတ်ခမ်းခြောက်ကာ အသက်ဆုံးရှုံးနိုင်သောကြောင့် ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက် အစီအစဉ်တွင် ထည့်သွင်းတိုက်ကျွေးခြင်းကို နိုင်ငံတစ်ဝန်း ၂၀၂၀ ဖေဖော်ဝါရီလမှ စတင်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဦးစီးမှူး ဒေါက်တာဇော်နိုင်ဦးနှင့် တာဝန်ရှိသူများက ကလေးငယ်များအား ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးအား တိုက်ကျွေးပေးခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကိုရိုနာဗိုင်းရပ်(စ်) အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ပြောကြားခြင်းနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ဇီးကုန်း)