ပူတာအို  ၂  ဖေဖော်ဝါရီ

 

ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် Beam Education Foundation တို့ ပူးပေါင်းမှုဖြင့် လူသုံးကုန်၊ အလှကုန်နှင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဖေဖော်ဝါရီ ၃ ရက်မှစတင်၍ ပူတာအိုမြို့ နည်းပညာအထက်တန်းကျောင်း၌ ပထမအကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို ပူတာအိုဒေသရှိ ပြည်သူများ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ ဒေသထွက်ကုန် ဂရိဖရုသီး၊ ဝါရှင်တန်သီး၊ အမေရိကန် သံပရာသီး၊ သွေးသီး၊ ဘုရင်သီး၊ နာနတ်သီး၊ အခြေခံဒေသထွက် မြေပဲ၊ ပြောင်း၊ ဂျုံနှင့် အခြားသီးနှံများကို တာရှည်ခံနည်းပညာဖြင့် တန်ဖိုးမြှင့် ထုတ်ကုန်များ စနစ်တကျထုတ်လုပ်ပြီး ပြည်ပဈေးကွက်များသို့ ထိုးဖောက်နိုင်ရန်နှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်အတွက် စာတွေ့လက်တွေ့ ပို့ချပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းက ပြောသည်။

 

သင်တန်းတွင် ရေခဲတောင်ဒေသမှထွက်ရှိသည့် သစ်ဥ၊ သစ်ဖု၊ သစ်မြစ်၊ သစ်ရွက်များကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ နည်းပညာဖြင့် စနစ်တကျထုတ်လုပ်ပြီး ပြည်ပဈေးကွက်အထိ ထိုးဖောက်နိုင်ရေး သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ အဆိုပါ ဒေသထွက်ကုန်များ ဝယ်လိုအား မြှင့်တက်လျက်ရှိကြောင်း ဒေသခံလုပ်ငန်းရှင်များမှ သိရသည်။

 

အဆိုပါသင်တန်းသို့ ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော၊ နောင်မွန်မြို့နယ်များမှ သင်တန်းသား ၂၅ ဦးကို ဖေဖော်ဝါရီ ၃ ရက်မှ ၇ ရက်အထိလည်းကောင်း၊ လူသုံးကုန်၊ အလှကုန် ထုတ်လုပ်နည်းပညာသင်တန်းတွင် သင်တန်းသား ၂၀ ဦးဖြင့် ဖေဖော်ဝါရီ ၈ ရက်မှ ၁၂ ရက်အထိလည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဖုန်ကန်(ပူတာအို)