ယင်းမာပင် ၂ ဖေဖော်ဝါရီ
ယင်းမာပင်ရေလျှံဇုန်အတွင်းရှိ ယင်းမာပင်၊ ဆားလင်းကြီးနှင့် ပုလဲမြို့နယ်များမှ ကျေးရွာအုပ်စု ၁၇ အုပ်စုရှိ ကျေးရွာပေါင်း ၃၁ ရွာအား ကွင်းဆင်းစစ်တမ်းကောက်ယူမှု စာရင်းအရ ပုဂ္ဂလိက တောင်သူပိုင်တွင်းများနှင့် သောက်သုံးရေတွင်းပေါင်း ၄၀၀ ကျော် တိုးလာကြောင်း ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန (ရေအရင်းအမြစ်)မှ ဦးစီးအရာရှိ ဦးမျိုးနိုင်ဦးထံမှ သိရသည်။
ရေလျှံဇုန်အတွင်း ရေကိုစနစ်တကျဖြင့် အကျိုးရှိစွာအသုံးပြုနိုင်စေရန် စိုက်ပျိုးရေးသုံး ရေတွင်းများနှင့် မြို့ရွာများအတွင်းရှိ သောက်သုံးရေတွင်းများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကွင်းဆင်းစစ်ဆေး ကောက်ယူမှုများဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေတွင်းနှင့် သောက်သုံးရေတွင်းပေါင်း ၂၄၂၀ တွင်းရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်လည်း ဆက်လက်ကောက်ယူခဲ့ရာ ရေတွင်းပေါင်း ၂၈၇၀ တွင်းအထိရှိခဲ့ကြောင်း သိရသည်။

"ဌာနပိုင်တွင်းတွေကတော့ အတိုးအလျော့မရှိပေမယ့် တောင်သူတွင်းတွေနဲ့ သောက်သုံးရေတွင်းတွေကတော့ တစ်နှစ်ကို တွင်း ၅၀၀ ကျော်လောက်ကို တိုးနေတယ်။ ရေလျှံတွင်းတွေ ထပ်ပြီးတူးနေပေမယ့် ရေကပိုပြီးထွက်လာတာ မဟုတ်ပါဘူး၊ အမြင့်ပိုင်းမှာရှိတဲ ရေတွင်းတွေက ရေထွက်နှုန်းနည်းသွားပြီး တစ်ချို့ဆိုရင် လုံးဝရေမထွက်တာတွေ ဖြစ်လာလိမ့်မယ်၊ အခုလို ဆက်လက်ပြီး ရေလျှံတွင်းတွေ တူးနေကြမယ်ဆိုရင်တော့ ရေရှည်မှာ ရေလျှံဇုန်ကြီးက ရေလျှံမထွက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ စိုက်ပျိုးရေကို ထုတ်ယူသုံးစွဲနေတဲ့ တောင်သူတွေ၊ သောက်သုံးရေအတွက် တူးဖော်အသုံးပြုနေတဲ့ ပြည်သူတွေအနေနဲ့ မြေအောက်ရေကို စနစ်တကျ သုံးစွဲကြဖို့လိုတယ်၊ မလိုအပ်တဲ့အချိန်မှာ ပိတ်ထားပြီး လိုအပ်မှသာ ထုတ်ယူသုံးစွဲကြဖို့ လိုအပ်ပါတယ်၊ အဲဒီလိုတွေ ရေအသုံးချမှုနဲ့ပတ်သက်၍ မြေအောက်ရေဆိုင်ရာ အစီအမံများ၊ မူဝါဒများ ချမှတ်ပေးဖို့ လိုအပ်နေတယ်၊ အခုဆို ရေးဆွဲနေပါပြီ၊ ဒီဒေသက သဘာ၀ကပေးတဲ့ ရေအရင်းအမြစ်တစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုပေမဲ့ စနစ်တကျနဲ့ ထုတ်ယူသုံးစွဲမှ ရေရှည်အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်၊ ဒါကြောင့် စိုက်ပျိုးရေပဲဖြစ်ဖြစ်၊ သောက်သုံးရေပဲဖြစ်ဖြစ် ချွေတာသုံးဖို့လိုပါတယ်၊ ကျွန်တော်တို့ဌာနအနေနဲ့ကလည်း မြေအောက်ရေ ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပေမယ့် လက်တွေ့တကယ် အသုံးပြုနေကြတဲ့ ပြည်သူတွေ လိုက်နာကျင့်သုံးမှုမရှိရင် ရေရှည်မှာ ဒီသဘာဝရေလျှံဇုန် အရင်းအမြစ်ကြီးက ပျောက်ကွယ်သွားနိုင်တဲ့အတွက် တောင်သူတွေ ပြည်သူတွေက သတိပြုစွာ သုံးစွဲကြစေလိုပါတယ်" ဟု ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန (ရေအရင်းအမြစ်)မှ ဦးစီးအရာရှိ ဦးမျိုးနိုင်ဦးက ပြောသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနပိုင် ရေလျှံတွင်း ၄၅ တွင်းအပြင် ပုဂ္ဂလိက သောက်သုံးရေတွင်း ၁၄၉၀ တွင်းနှင့် စိုက်ပျိုးရေအဖြစ် အသုံးပြုသည့် ရေတွင်း ၁၄၅၀ တွင်း စုစုပေါင်း ၃၃၉၀ တွင်းရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်က သောက်သုံးရေတွင်း ၁၃၆၉ တွင်းနှင့် စိုက်ပျိုးရေအဖြစ် အသုံးပြုသည့်ရေတွင်း ၁၅၀၁ တွင်း စုစုပေါင်း ၂၈၇၀ ရှိခဲ့သဖြင့် ဘဏ္ဍာရေးနှစ်တစ်ခုအတွင်း ရေတွင်း ၅၂၀ တွင်းတိုးခဲ့ကြောင်း ကွင်းဆင်းစစ်တမ်းကောက်ယူမှု စာရင်းများအရ သိရသည်။
သန်းဌေးအောင်(ကနီ)