နေပြည်တော် ၂ ဖေဖော်ဝါရီ

 

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှု စံထားစစ်ဆေးခြင်းဆိုင်ရာ ရန်ကုန်ဇုန်သင်တန်းကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မရမ်းမြိုင်ခန်းမ၌ ကျင်းပသည်။

 

သင်တန်းတွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်း၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာန ဒုတိယဉက္ကဋ္ဌ ဒေါက်တာတင်ညိုတို့က အမှာစကားပြောကြားကြပြီး ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးစိတ်ပညာဌာနမှ ပါမောက္ခဌာနမှူးနှင့် ဆရာမကြီးများ၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာနမှ ဆရာကြီးဆရာမကြီးများက ဘာသာရပ်အလိုက် ဆန်းစစ်လွှာပုံစံများနှင့် ကြီးကြပ်သူများလိုက်နာရမည့် စည်းမျဉ်းများကို ရှင်းလင်းဆွေးနွေးကြသည်။

 

ကျောင်းပြင်ပ မူလတန်းပညာရေး အောင်မြင်ပြီးသော ကလေးများ၏ အရည်အသွေး အာမခံချက် (Quality Assurance) ရရှိရန် ရည်ရွယ်၍ စံထားစစ်ဆေးလွှာကို ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်မှစ၍ ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးစိတ်ပညာဌာနမှ အငြိမ်းစား ပါမောက္ခဆရာမကြီး ဒေါ်နုနု ခေါင်းဆောင်ပြီး ပါမောက္ခဌာနမှူးနှင့် ဆရာမကြီးများက ရေးဆွဲပေးကာ ကျောင်းပြင်ပ မူလတန်းပညာရေးတွင် စံထားစစ်ဆေးလွှာနှင့် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းကို ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ်မှစတင် ဆောင်ရွက်ခဲ့သည်။

 

ကျောင်းပြင်ပ မူလတန်းပညာရေး စံထားစစ်ဆေးခြင်း ဇုန်သင်တန်းများကို ဖေေဖာ်ဝါရီ ၂ ရက်တွင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ မအူပင်၊ မကွေး၊ စစ်တွေနှင့် တောင်ငူဇုန်တို့တွင် လည်းကောင်း၊ ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်၊ မုံရွာ၊ မြိတ်၊ ဟင်္သာတ၊ တောင်ကြီးနှင့် မြ၀တီဇုန်တို့တွင် လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး အခြေခံပညာ ဦးစီးဌာနမှ အခြေစိုက်စခန်း ကျောင်းအုပ်ကြီးများနှင့် လက်ထောက်ဆရာဆရာမများ အပါအ၀င် ကြီးကြပ်သူ ဆရာဆရာမ ၈၈၄ ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

 

သန့်ဇော်