ကော့ကရိတ် ၂ ဖေဖော်ဝါရီ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်မည့် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးမှုကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ကော့ကရိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း၊ ခရိုင် စီမံကိန်းဦးစီးမှူး ဦးညွန့်ဦးနှင့် ပူးပေါင်းအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ခရိုင် အရည်အသွေးနှင့် လုပ်ငန်းစစ်ဆေးရေး ကော်မတီအဖွဲ့သည် လွမ်းပြည့်စုံကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည့် ကိုးတိုင်လမ်းဆုံမှ ငါးတိုင်ကျေးရွာသို့ သွယ်တန်းမည့် (11KVA) ဓာတ်အားလိုင်း ၄ ဒသမ ၅ မိုင် တည်‌ဆောက်မည့်နေရာနှင့် တိမ်အလှကုမ္ပဏီမှ တာဝန်ယူတည်‌ဆောက်မည့် ကော့ဖောင်းကျေးရွာမှ လောင်းကိုင်ကျေးရွာသို့ သွယ်တန်းမည့် (11-KVA) ဓာတ်အားလိုင်း ၁ ဒသမ ၅ မိုင် တည်ဆောက်မည့်နေရာများသို့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် အံကောင်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ပြည့်ဝစံကုမ္ပဏီမှ တာဝန်ယူတည်‌ဆောက်နေသည့် အခြေခံပညာ အထက်တန်းကျောင်း(အံကောင်) ၁၃၀×၃၀ ပေ၊ RC နှစ်ထပ်ကျောင်းဆောင်သစ် တိုးချဲ့‌ဆောင် ဆောက်လုပ်နေသည့်နေရာနှင့် ဖူးပွင့်သစ်ကုမ္ပဏီမှ တာဝန်ယူ‌  ဆောင်ရွက်နေသည့် အံကောင်- တရိတခေါင်း- သပြု - သေးခို- ကျောက်တန်းလမ်း (၁၅/၃)မိုင်အနက် (၃/၀)မိုင် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်‌နေသည့် နေရာများသို့လည်းကောင်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ခင်မျိုးဝင်း(ပြန်/ဆက်)