မန္တလေး ၂ ဖေဖော်ဝါရီ
နိုဗယ်ကိုရိုနာဗိုင်းရပ် ရောဂါဖြစ်ပွားနေသည့် တရုတ်နိုင်ငံ ဝူဟန်မြို့တွင်ရောက်ရှိနေသော မြန်မာကျောင်းသား၊ ကျောင်းသူ ၆၃ ဦးအနက် ၅၉ ဦးကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၄ နာရီက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့ပြီး ၎င်းတို့အား သီးသန့်ထားရှိရန် အသင့်ပြင်ဆင်ထားသည့် ၆၂ လမ်းရှိ ကန်တော်နဒီဆေးရုံတွင် ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ခေါ်ယူရန် စာရင်းရှိကျောင်းသား၊ ကျောင်းသူ ၆၃ ဦးအနက် ၂ ဦးမှာ လူဝင်မှုကြီးကြပ်ရေးဌာန ပြည်ဝင်ခွင့်ဗီဇာကြောင့်လည်းကောင်း၊ ကျန် ၂ ဦးမှာ အဖျားရှိနေခြင်းကြောင့်လည်းကောင်း ချန်ထားခဲ့ရပြီး ရောက်ရှိလာသည့် ကျောင်းသား၊ ကျောင်းသူ ၅၉ ဦးကို အဖျားရှိ၊ မရှိတိုင်းတာစစ်ဆေးပြီးမှ သတ်မှတ်ထားသည့် ကန်တော်နဒီဆေးရုံရှိ အခန်းအသီးသီးတွင် နေရာချထားပေးခဲ့ခြင်းဖြစ်ကာ နေ့စဉ် တစ်ရက် ၂ ကြိမ်နှုန်းဖြင့် အဖျားတိုင်း၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ၁၄ ရက်တိတိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောသည်။
"အခုပြန်ရောက်လာတဲ့ ကျောင်းသားကျောင်းသူတွေကို အဓိကအနေနဲ့ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးက ဆေးရုံအုပ်တစ်ဦးကို ကန်တော်နဒီဆေးရုံမှာ တာဝန်ချထားပြီး သူနဲ့အတူ ဆရာဝန်တစ်ဦး၊ သူနာပြု ၂ ဦး၊ အထွေထွေလုပ်သား ၂ ဦးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးသွားမှာပါ။ အကယ်၍ အရေးပေါ်တစုံတရာရှိခဲ့ရင် အဲဒီမှာတာဝန်ကျနေတဲ့ ဝန်ထမ်းတွေကတစ်ဆင့် မန္တလေးဆေးရုံကြီးတွေမှာ ရှိနေကြတဲ့ အထူးကုဆရာဝန်ကြီးတွေကို သတင်းပို့ပြီး ကုသမှုလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။ ၁၄ ရက်ပြည့်သွားရင်တော့ သူတို့နေထိုင်ရာ ဒေသအသီးသီးကို ပြန်ပို့မှာဖြစ်ပါတယ်။ ပြည်သူတွေကို အသိပေးချင်တာက ကျွန်မတို့မန္တလေးက တရုတ်လူမျိုးတွေ အများအပြား ဝင်ရောက်တဲ့မြို့ဖြစ်တယ်။ ဒါ့ကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ အဖျားရှိနေသူကို တွေ့ခဲ့မယ်ဆိုရင် ဒါမှမဟုတ် ကိုယ်တိုင်ဖျားနေတယ်ဆိုရင် ကျန်းမာရေးဌာနကို အချိန်မီသတင်းပို့ပြီး လာရောက်ကုသမှု ခံယူပါလို့ပြောကြားလိုပါတယ်"ဟု ၎င်းက ပြောကြားသည်။
ပြန်လည်ရောက်ရှိလာသည့် ကျောင်းသားကျောင်းသူများအား ရန်ကုန်မြို့မှ လာရောက်ကြိုဆိုသည့် ကျောင်းသူတစ်ဦး၏ဖခင် ဦးဇော်ထွန်းဝင်းက "ကျွန်တော့သမီးက ဝူဟန်မြို့ဆေးတက္ကသိုလ်မှာ နောက်ဆုံးနှစ် တက်နေတာပါ။ ပြန်ခေါ်တဲ့သူတွေထဲမှာ ၄ ဦးကျန်ခဲ့တဲ့အတွက် ကျွန်တော့သမီးများ ကျန်နေမလားလို့ စိုးရိမ်မိသွားတယ်။ ဒါပေမယ့် စိစစ်ပြီး လေယာဉ်ပေါ်ရောက်တဲ့အထိ ဖုန်းအဆက်အသွယ် မပြတ်တဲ့အတွက် စိတ်အေးသွားရတယ်။ ကျနော်က မန္တလေးကို တစ်ရက်ကြိုပြီး လာစောင့်နေခဲ့တာပါ။ အခုလို အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာလို့ ဝမ်းသာနေရတယ်"ဟု ပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွားစေရေးအတွက် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်သည့် တိုင်းဒေသကြီးအဆင့် စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ (SRT) ကို ဇန်နဝါရီ ၂၇ ရက်တွင် စတင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ရောဂါကာကွယ်ရေးအတွက် လေကြောင်းလိုင်းအပြင် ကုန်းလမ်း၊ ရေလမ်းများတွင်လည်း ဝင်ထွက်ပေါက်များ၌ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)