၂ ဖေဖော်ဝါရီ
ဘေဘီလေးတွေရဲ့ အရေပြားက အထိခိုက်မခံနိုင်တာကတော့ သိထားပြီးသား ဖြစ်မှာပါ။ အရေပြားမှာ ပြဿနာတွေဖြစ်တဲ့အခါမှာလည် လူကြီးတွေလိုမျိုး ဆေးတွေ လူးပေးဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ ကလေးကငယ်လေလေ ဘာလုပ်ပေးလို့လုပ်ပေးရမှန်း မသိလေလေပါပဲနော်။ ဒီတစ်ခေါက်တော့ ဘေဘီလေးမှာ နို့ပွေးပေါက်တာကြောင့် စိတ်ညစ်နေရတဲ့ မေမေတို့အတွက် သတင်းကောင်းလေး ပါးချင်တာပါ။
နို့ပွေး (Baby face Ringworm) ဆိုတာကဘာလဲ
ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့ နို့ပွေးဆိုတာက မှိုပိုးကူးစက်မှုတစ်မျိုး ဖြစ်ပါတယ်။ ခြေထောက်မှိုစွဲတာကို ဖြစ်စေတဲ့ မှိုပိုးကြောင့်ဖြစ်တာပါ။ အဆိုပါမှိုပိုးက အရေပြားပွန်းပဲ့ရာတွေကနေ တစ်ဆင့် ခန္ဓာကိုယ်အတွင်းပိုင်းကို ရောက်ရှိသွားပြီး အရေပြားပေါ်မှာ ဖြစ်ပေါ်တာဖြစ်ပါတယ်။ ကလေးငယ်မှာ ကုတ်ရာခြစ်ရာ သေးသေးလေးပဲရှိတယ် ဆိုရင်တောင်မှ အဆိုပါမှိုပိုးကူးစက် ခံရနိုင်ပါတယ်။
နို့ပွေးဆိုတာက အရေပြားပေါ်မှာ ပန်းရောင် (သို့) အနီရောင် ခပ်ဝိုင်းဝိုင်းသဏ္ဍန်လေး ဖြစ်ပေါ်တာမျိုး ဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ခန္ဓာကိုယ်အရေပြား (သို့) ဦးရေပြားတွေပေါ်မှာ အဖြစ်များပါတယ်။ ခြေလက်တွေနဲ့ မျက်နှာပေါ်မှာလည်း ဖြစ်တတ်ပါတယ်။ မွေးကင်းစအရွယ်ကလေးငယ်တွေနဲ့ အသက် ၁၀ နှစ်အရွယ်လောက်အထိ ကလေးငယ်တွေမှာဖြစ်တတ်ပါတယ်။
ဘယ်လိုကူးစက်နိုင်လဲ
ထိတွေ့မှုတွေကနေတစ်ဆင့် အဆိုပါမှိုပိုးက ကူးစက်တာဖြစ်ပါတယ်။ အရုပ်တွေ၊ တဘက်တွေ၊ အခင်းပြားတွေ၊ ခေါင်းဖြီးတဲ့ ဘရှက်စ်တွေ၊ အဝတ်အစားတွေနဲ့ ဦးထုပ်တွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေဆီကနေတစ်ဆင့်လည်း ကူးစက်နိုင်သလို မှိုပိုးတွေရှိနေတဲ့ မြေကြီးနဲ့ ထိတွေ့မှုကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ ကလေးကို ဥယျာဉ်ထဲမှာပေးဆော့တာ၊ ပန်းခြံထဲမှာပေးဆော့တာမျိုးတွေ မလုပ်ပါနဲ့။
အများကူးတဲ့ရေကူးကန်တွေနဲ့ အခြားလူအများနဲ့မျှသုံးရတဲ့ နေရာတွေကနေတစ်ဆင့်လည်း ကလေးတွေကို မှိုပိုးကူးစက်တာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
လက္ခဏာများ
နို့ပွေးက တစ်ခါတလေမှာ အရေပြားပေါ်မှာ အနီရောင်အကွက်တွေဖြစ်တာမျိုးတွေ ဖြစ်ပေါ်လေ့ ရှိပါတယ်။ တစ်ခါတလေ တစ်ကွက်လောက်ပဲဖြစ်တာမျိုးရှိသလို တစ်ခါတလေ အကွက်တွေ အများကြီးထွက်တာမျိုးလည်း ရှိပါတယ်။ တကယ်လို့များ နို့ပွေးကဦးရေပြားပေါ်မှာဖြစ်မယ်ဆိုရင် အရင်ဆုံးစဉ်စားရမှာက ကလေးကဗောက်ထတာလား ဒါမှမဟုတ် (cradle cap) ကလေးဦးရေပြားမှာ အဆီများတာကြောင့် အရေခွံကွာတာလားဆိုတာပဲဖြစ်ပါတယ်။ နို့ပွေးကဦးရေပြားပေါ်မှာ ဖြစ်မယ်ဆိုရင် ဆံပင်ကျွတ်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
နို့ပွေးက မျက်နှာပေါ်မှာလည်း ဖြစ်တတ်ပါတယ်။ နို့ပွေးက ၁ လက်မကနေ ၂ လက်မလောက်ရှိတဲ့ အဝိုင်းလေးဖြစ်ပါတယ်။ အနားသတ်နေရာလေးမှာ အနီရောင်အဖုခပ်ထူထူလေးတွေပေါက်နေတတ်ပြီ အလယ်ဘက်မှာတော့ ဖုလေးတွေမရှိပါဘူး။ ကလေးတွေမှာ အနီရောင်ဖုလေးတွေပေါက်ပြီး ယားယံနေတာမျိုး ဖြစ်နေတာကို သတိထားမိနိုင်ပါတယ်။ နို့ပွေးက ကလေးငယ်ရဲ့ ပါးတွေ၊ မေးစေ့တွေ၊ မျက်လုံးတဝိုက်၊ နဖူးနဲ့ နှာခေါင်းတွေမှာဖြစ်တတ်ပါတယ်။
နို့ပွေးဖြစ်ရသည့် အကြောင်းရင်းခံများ
ကလေးငယ်လေးတွေက တစ်နေရာကနေတစ်နေရာ မရွှေ့ပြောင်းနိုင်ကြပါဘူး။ သူတို့က အရာဝတ္ထုတွေကို ထိတွေ့နိုင်တာမျိုးလည်း မရှိပါဘဲနဲ့ ရောဂါဘယ်လိုကူးစက်ရတာလဲဆိုတဲ့ အကြောင်းအရင်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။
အရေပြားချင်းထိတွေ့မှု
အရေပြားထိခိုက်မှုတွေ
အသုံးအဆောင်တွေကို အတူတူသုံးစွဲတာ
အိမ်မွေးတိရစ္ဆာန်တွေကနေတစ်ဆင့် ကူးစက်တာ
ရာသီဥတု ပူနွေးတာ
အာဟာရမပြည့်ဝတာ
ကိုယ်ခံအားနည်းတာ
ရောဂါပိုးကူးစက်ခံရနိုင်တဲ့ မျိုးဗီဇရှိတာနဲ့
ပူနွေးစိုစွတ်တဲ့ ရာသီဥတုအနေအထားကြောင့် ချွေးအလွန်အမင်းထွက်တာကလည်း ကလေးငယ်မှာ နို့ပွေးဖြစ်စေတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။
ဘယ်လိုကုသမလဲ
ဆရာဝန်ညွှန်ကြားတဲ့ မှိုသတ်ဆေးကုထုံးတွေအတိုင်း လိုက်နာလုပ်ဆောင်ပေးပါ။
ဆေးမြီးတိုတွေနဲ့မကုပါနဲ့။ မှားယွင်းကုသမိတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ မလိုလားအပ်ဘဲ ရောဂါအခြေအနေ ဆိုးလာတာမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကလေးကို ဆရာဝန်ဆီ သွားမပြနိုင်သေးခင်မှာ အုန်းဆီစစ်စစ် ဒါမှမဟုတ် Baby Oil လေးလူးပေးလို့ရပါတယ်နော်။
ဦးရေပြားပေါ်မှာ နို့ပွေးဖြစ်မယ်ဆိုရင် အရှင်းပျောက်ဖို့က ၆ ပတ်ကနေ ၈ ပတ်လောက်အထိ အချိန်ယူရမှာ ဖြစ်ပါတယ်။ ဆရာဝန်က ကလေးနဲ့သင့်တော်မယ့် မှိုသတ်ဆေးခေါင်းလျှော်ရည် (သို့) ဆေးပြားလေးတွေကို ညွှန်းပေးပါလိမ့်မယ်။
ကလေးမှာ နောက်ဆက်တွဲရောဂါတွေ မဖြစ်လာစေဖို့နဲ့ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေကို ရောဂါပိုးတွေ မပြန့်နှံ့စေဖို့အတွက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျလိုက်နာပေးဖို့လိုပါတယ်။
ဘယ်လိုကာကွယ်မလဲ
နို့ပွေးနောက်မဖြစ်အောင် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်းတစ်ရပ်က တစ်ကိုယ်ရေ သန့်ရှင်းမှုပဲဖြစ်ပါတယ်။
ကလေးအရေပြားမှာ ကုတ်ရာ၊ ခြစ်ရာတွေမဖြစ်စေဖို့ မေမေတို့လက်သည်းတွေကို အတိုညှပ်ပါ။
ကလေးကိုလည်း သူ့ဘာသာကုတ်ခြစ်မိတာမျိုးမဖြစ်အောင် လက်သည်းလေးတွေညှပ်ပေးပါ။
ကလေးငယ်က သူ့ဘာသာကုတ်ခြစ်မိရာကနေလည်း ဘက်တီးရီးယားတွေ ကူးစက်နိုင်တာကြောင့် ကလေးအိပ်နေတဲ့အချိန်မှာ လက်ကိုအဝတ်လက်အိတ်လေး စွတ်ထားပေးပါ။
နို့ပွေးဖြစ်နေတဲ့နေရာကို ညင်ညင်သာသာသန့်စင်ပေးပြီးခြောက်သွေ့အောင်ထားပါ။
ကလေးကို မထိတွေ့ခင် လက်ကိုသန့်ရှင်းစင်ကြယ်အောင် အရင်လုပ်ပါ။ ခရင်မ်တွေခေါင်းလျှော်ရည်တွေနဲ့ ထိတွေ့ပြီးရင်လည်း လက်ကိုသေသေချာချာ ဆေးကြောပေးပါ။ မိသားစုဝင်အားလုံးလည်း တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ။
အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေမွေးထားတယ်ဆိုရင်လည်း အိမ်မွေးတိရစ္ဆာန်လေးတွေကို ပုံမှန် ကျန်းမာရေးစစ်ဆေးမှု လုပ်ဆောင်ပေးပါ။ သူတို့လေးတွေရဲ့ ခန္ဓာကိုယ်မှာ ယားယံနေတာ၊ အမွှေးတွေ ကွက်နေတာမျိုးတွေ ဖြစ်နေလားဆိုတာကို ကြည့်ရှုပေးပါ။
ကလေးရဲ့ အရုပ်တွေအပါအဝင် အသုံးအဆောင်တွေကို မကြာခဏဆိုသလို သန့်ရှင်းရေးလုပ်ပေးပါ။ ကလေးအသုံးအဆောင်တွေကို အခြားသူတွေကို ပေးမသုံးပါနဲ့။
ကလေးကို ချည်သားအဝတ်အစားလေးတွေ လုံလုံခြုံခြုံဝတ်ပေးပါ။ လက်လေးတွေခြေထောက် လေးတွေပါ လုံခြုံနေအောင်ထားပေးပါ။ မလိုအပ်ဘဲချွေးထွက်တာမျိုး မဖြစ်အောင် ကလေးကို မလိုအပ်ဘဲ အင်္ကျီအထူတွေမဝတ်ပေးပါနဲ့။
ကလေးကလမ်းလျှောက်တတ်စ အရွယ်ရောက်နေပြီ ဆိုပါက ကလေးကို ဖိနပ်စီးပေးဖို့မေမေ့ပါနဲ့။
ကဲ ကလေးမှာဖြစ်တဲ့နို့ပွေးကို ကာကွယ်ပေးလို့ရတဲ့နည်းတွေကိုသုံးပြီး ကာကွယ်ပေးပါ။ ကာကွယ်ခြင်း က ကုသခြင်းထက် ပိုထိရောက်တာကိုး။ ဖြစ်လာပြီဆိုရင်လဲ သေချာလေးဂရုစိုက်ပေးပါနော်။ အရေပြားပြဿနာကင်းပြီး ကလေးငယ်လေးတွေနေ့တိုင်းပျော်ရွှင်နိုင်ကြပါစေကြောင်း………
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”