ရန်ကုန် ၂   ဖေဖော်ဝါရီ  

၂၀၁၉ ခုနှစ်၊ အကြိမ်(၃၀)မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိခဲ့သည့်  မြန်မာ့လက်ရွေးစင်ဘိလိယက်၊စနူကာ နှင့် (9 Ball) အားကစားသမား များအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ရန်ကုန်မြို့  ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ Park Royal Yangon ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ၂၀၁၉ ခုနှစ်၊ အကြိမ်(၃၀)မြောက်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ် (၂)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၃)ခု ထိုက်တန်စွာ ဆွတ်ခူးခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ အကြိမ်(၃၀)မြောက်အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး ရရှိခဲ့ကြ သည့် အခြား အဖွဲ့ချုပ် များမှ အားကစားသမား များကိုလည်း မိမိတို့ဌာနမှ မကြာခင် အမြန်ဆုံး ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၉ခုနှစ် ဧပြီလတွင် အိန္ဒိယနိုင်ငံ၌ ကျင်းပခဲ့သော အာရှဘိလိယက်နှင့်စနူကာ ပြိုင်ပွဲများတွင်လည်း ရွှေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခုဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် မန္တလေးမြို့တွင် လက်ခံကျင်းပခဲ့သည့် ဘိလိယက်နှင့်စနူကာပြိုင်ပွဲများတွင်လည်း  ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ် (၁)ခု ရရှိသည့်အတွက် ဂုဏ်ယူမိပါကြောင်း၊ အားကစားသမားများ၏ အောင်မြင်မှုသည် ဥက္ကဌ၊ ဒုတိယဥက္ကဌများနှင့် အသင်းအုပ်ချုပ်သူ၊ နည်းပြများ အဖက်ဖက်မှ ဝိုင်းဝန်ကူညီကြသည့် အလှူရှင် များနှင့်အတူ ဝိုင်းဝန်း ပူးပေါင်းစည်းလုံးကြသည့်အတွက် ယခုလိုအောင်မြင်မှုရရှိခြင်းဖြစ်ပါကြောင်း၊  ယခုဖွင့်လှစ်ထားသော အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (၆)ကျောင်းတွင် ဘိလိယက်နှင့် စနူကာအားကစားနည်းမပါဝင်သော်လည်း မည်ကဲ့သို့ ပံ့ပိုးပေးရမည်ဆိုသည်ကို ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် တို့က အကြံပြုပြောကြားပေးစေလိုကြောင်းနှင့်  မိမိကလည်း အကြံပြုပေး သည့်အတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဂုဏ်ပြုအမှာစကားပြောကြား၍  မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမင်းနိုင်က ပြိုင်ပွဲနှင့်ပတ်သက်၍ ယှဉ်ပြိုင်မှုနှင့် ဆုရရှိခဲ့ကြသည့် မှတ်တမ်း VIDEO ရုပ်ပုံများအား Projector  ဖြင့် ရှင်းလင်းပြသပြောကြားသည်။

ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်က  အကြိမ်(၃၀)မြောက်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် အုပ်ချုပ်သူ နည်းပြချုပ် နည်းပြ အနေဖြင့် ပါဝင်ခဲ့သော မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်မှ အတွင်းရေးမှူးဦးခင်မောင်ဦး၊ တွဲဖက်အတွင်းရေးမှူး ဦးအေးချိုတူးနှင့် အလုပ်အမှုဆောင်ဦးအောင်ဆန်းဦးတို့အား ချယ်ရီဦးမှ နာရီများကို  ပေးအပ်ချီးမြှင့်၍ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ဒုတိယ ဥက္ကဌ ဦးသက်နိုင်ဦးက စနူကာနှစ်ယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ် ရရှိခဲ့သည့် ကိုထက်နှင့် သက်မင်းလင်း၊ 10-Ball အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ကြေးတံဆိပ် ရရှိခဲ့သည့် အေမီအောင်နှင့် သန္တာမောင် တို့အား ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်းစီ၊ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမင်းနိုင်က ဘိလိယက်တစ်ဦးချင်း ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရ  နေသွေးဦးအား ဂုဏ်ပြုဆုငွေကျပ်သိန်း (၃၀) ၊ ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်က 9-ball အမျိုးသားတစ်ဦး ချင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ဘုန်းမြင့်ကျော် အား ဂုဏ်ပြုဆုငွေကျပ်သိန်း (၅၀)၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး က 9-ball အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ဘုန်းမြင့်ကျော်နှင့် အောင်မိုးသူတို့အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၅၀)အား အသီးသီး ဂုဏ်ပြု ပေးအပ်ချီးမြှင့်ကြသည်။

 

a

 

ဆက်လက်၍ KBZ Group မှ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့် က မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမင်းနိုင် ထံသို့ အလှူငွေကျပ် သိန်း(၅၀) ၊ 9 Clup  ဘိလိယက်နှင့်စနူကာမှ ကိုအေးချမ်းအောင် က ရွှေတံဆိပ်ရရှိသော ဘုန်းမြင့်ကျော်နှင့် အောင်မိုးသူ တို့အား တစ်ဦးလျင် ငွေကျပ်(၁၀)သိန်းစီ၊ 147 Clup  ဘိလိယက်နှင့်စနူကာ မှ ကိုနေအောင် က ရွှေတံဆိပ်ရရှိသော ဘုန်းမြင့်ကျော်နှင့် အောင်မိုးသူ တို့အား တစ်ဦးလျင် ငွေကျပ်(၂)သိန်းငါးသောင်းစီပေးအပ်ချီးမြှင့်ခဲ့ကြပြီး KBZ Group မှ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့် က နိုင်ငံ့ဂုဏ်ဆောင်ခဲ့သည့် အားကစားသမားများအတွက် ဂုဏ်ပြုစကား ပြောကြားသည်။

ဆက်လက်၍ ရွှေတံဆိပ်ဆု(၂)ဆုရရှိခဲ့သော ဘုန်းမြင့်ကျော် က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

အဆိုပါ ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ချယ်ရီဦးနာရီ မှ ရွှေတံဆိပ်တစ်ခုလျှင် ငွေကျပ်သိန်း (၅၀)၊ ငွေတံဆိပ်တစ်ခုလျှင်ငွေကျပ်သိန်း(၃၀)နှင့် ကြေးတံဆိပ်တစ်ခုလျှင် ငွေကျပ်(၁၀)သိန်း တို့အား စုစုပေါင်းသိန်း(၁၆၀)ကို အဓိက ကူညီပံ့ပိုးခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)