ရန်ကုန်  ၂   ဖေဖော်ဝါရီ 

လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားများနှင့်  ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးသွားနိုင်ရန်အတွက်  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံလမ်းရှိ တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အဆောက်အဦ (မြေညီထပ်)အား မွမ်းမံပြင်ဆင်၍ အထူးကုဆေးခန်းအဖြစ် ဆောင်ရွက်မည့် လုပ်ငန်းစဉ် ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၌ ပြုလုပ်သည်။ 

လုပ်ငန်းစဉ် ရှင်းလင်းခြင်း အခမ်းအနားသို့ ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်း၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်က အမှာစကားပြောကြားပြီး အထူးကုဆေးခန်းအဖြစ် ပြုပြင်ဆောင် ရွက်မည့် မန္တလေးစွမ်းအား ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးလှိုင်က ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ထပ်မံဖြည့်စွက် ရှင်းလင်းတင်ပြသည်။ 

အဆိုပါ တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အဆောက်အဦ (မြေညီထပ်)အား မွမ်းမံပြင်ဆင်၍ အထူးကုဆေးခန်းအဖြစ် ဆောင်ရွက်မည့် လုပ်ငန်းအား အချိန် (၃) လခန့်ဖြင့် အမြန်ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အထူးကုဆေးခန်း ဖွင့်လှစ်ပြီးပါက လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံ အလုပ်သမားများအပြင် ဒေသခံပြည်သူများကိုပါ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်သည်။

လူမှုဖူလုံရေးအဖွဲ့သည် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ပြုပြင်ပြောင်းလဲ ရာတွင် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများကို အဖွဲ့၏အစီအစဉ်ဖြင့် အဆင့်မြှင့် တင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)