ရန်ကုန် ၂ ဖေဖော်ဝါရီ
(၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး အစိုးရ နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ(NCA-S EAO) ၏ နှစ်ဖက် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။
ယနေ့ကျင်းပသည့်အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား) ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ်များအဖြစ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း ၊ NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှဌေး၊ စောမြရာဇာလင်း၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ်ကလူစေး ၊ စောကျော်ညွန့် ၊ ဆော်လမွန်၊ နိုင်အောင်မငေး၊ ခွန်မြင့်ထွန်း၊ ဒေါက်တာစိုင်းဦးတို့ တက်ရောက်ကြသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးကအဖွင့်အမှာစကားပြောကြားရာတွင် “ကျင်းပပြီးစီးခဲ့သည့် (၈)ကြိမ်မြောက် JICM အစည်းအဝေးတွင် သဘောတူညီချက် ၈ ချက် သဘောတူညီခဲ့ကြပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်း ၄ လတာကာလအတွင်းကျင်းပရေး၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်ရယူရေး၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း -၃ ချုပ်ဆိုနိုင်ရေး၊ NCA ပါသဘောတူညီချက်များအရ နှစ်ဖက်ညှိနှိုင်းဆွေးနွေးရမည့်အချက်များကို ဆက်လက်တွေ့ဆုံညှိနှိုင်းရေးစသည့် JICM၏ ဆုံးဖြတ်ချက်များကို ဆက်လက်အကောင်အထည် ဖော်ရန် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ (၈) ကြိမ်မြောက် JICM အစည်းအဝေးအပြီးတွင် JICM သဘောတူညီချက်များအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဆက်လက် ကျင်းပခဲ့ ရာတွင် JICM ၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန်အတွက် ဆွေးနွေးပွဲများ ပြုလုပ်မည့် အချိန်ဇယား Timeline ကို အစိုးရဘက်က အဆိုပြုခဲ့ပြီး ယနေ့ အစည်းအဝေးတွင် နှစ်ဖက်ပြန်လည်ညှိနှိုင်းကြမည် ဖြစ်ပါကြောင်း။
JICM အစည်းအဝေးတွင်ဆုံးဖြတ်ထားသည့်အတိုင်း ညီလာခံကို ၂၀၂၀ အစောပိုင်း ၄ လတာကာလ အတွင်း ကျင်းပနိုင်ရန်ဆိုပါက ညီလာခံလုပ်ငန်းစဉ်များကို အမြန်ဆုံးစတင် လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ မိမိတို့နှစ်ဖက်လုံး၏ တူညီသည့်ပန်းတိုင်ဖြစ်သော ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ရရှိစေနိုင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် မိမိတို့အားလုံး စိတ်တူကိုယ်တူအလုပ်များ လုပ်ဆောင်ကြမှသာ ခရီးရောက်မည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် NCA ကတိကဝတ်ပါ မျှော်မှန်းချက်များအပြင် အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်များကို မည်ကဲ့သို့ သဘောတူညီချက်များ ချမှတ်မည်ဆိုသည်ကိုလည်း မိမိတို့အကြား အကြေအလည်ဆွေးနွေးညှိနှိုင်းကြရမည် ဖြစ်ပါကြောင်း၊ ယနေ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများမှနေ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ရပ်ကို ၂၀၂၀ ရွေးကောက်ပွဲအလွန်အထိ မျှော်မှန်းချမှတ်နိုင်ရန် ကြိုးပမ်းအားထုတ်ရမည်ဖြစ်ပါကြောင်း၊ အပစ်ရပ်လုပ်ငန်းစဉ် ခိုင်မာရေးအပြင် NCA စာချုပ်ပါ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကို မည်သို့မည်ပုံ အဆင့်လိုက် စဉ်းစားဆောင်ရွက်ကြမည်ဆိုသည်ကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန်လိုအပ်ပါကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုရှိရှိ အပေးအယူ အလျော့အတင်းများဖြင့် သဘောတူညီချက်များ ရယူပေးရန် လိုအပ်ပါကြောင်း။
တစ်ဖက်တွင် နိုင်ငံရေးအခြေခံမူများအတွက် ဆွေးနွေးညှိနှိုင်းရမည်ဖြစ်သလို တစ်ဖက်တွင်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာရေးမှနေ၍ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးအထိ ဆွေးနွေးညှိနှိုင်းသွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ (၂၁) ရာစုပင်လုံညီလာခံက ဆုံးဖြတ်ထားသည့် သဘောတူညီချက်များ ကို အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများကို လိုအပ်သလို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန်အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြမည်ကို NCA စာချုပ်တွင် လက်မှတ် ရေးထိုးကတည်းက မိမိတို့နှစ်ဖက် သဘောတူ ကတိကဝတ်ပြုခဲ့ကြပြီးဖြစ်ပါကြောင်း၊ နိုင်ငံရေးပိုင်း၊ တပ်ပိုင်း ဟန်ချက်ညီ အကောင်အထည်ဖော်နိုင်မည့် အဆင့်လိုက်လုပ်ငန်းစဉ်များကို ကြေကြေလည်လည် ညှိနှိုင်း သွားကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။
အစိုးရ နှင့် NCA-S EAOတို့၏ နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာအောင်လုပ်ဆောင်ခြင်း၊ ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များ၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်ကိစ္စ၊ ၂၀၂၀ နှင့် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးဆိုင်ရာ ဆက်လက်အကောင်အထည်ဖော်မှုများကိစ္စ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)-ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးကိစ္စ၊ အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရေးကိစ္စနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပိုမိုပါဝင်လာနိုင်ရေး စသည့် အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း NCA S-EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း၏ ပြောကြားချက်အရ သိရသည်။
NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် “နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေက နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေ ဆွေးနွေးညှိနှိုင်းရမယ့် အကြောင်းအရာတွေကို ချမှတ်သက်မှတ်ပေးပြီး ဖြစ်လို့ ချမှတ်ပေးထားတဲ့ အချက်တွေကို အောင်မြင်အောင်၊ ရုပ်လုံးပေါ်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့က နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေရဲ့ ကြီးလေးတဲ့တာဝန်ပဲ ဖြစ်ပါတယ်။ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ စိတ်ပိုင်းဖြတ်ပြီး ဆွေးနွေးညှိနှိုင်း လုပ်ဆောင်သွားမယ်ဆိုရင် အားလုံးလိုလားတောင့်တတဲ့ အဖြေကောင်းတွေ ရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ တချို့ အကြောင်းအရာတွေဟာ တစ်ကြိမ်နှစ်ကြိမ် ဆွေးနွေးရုံနဲ့ မပြီးပြတ်နိုင်တဲ့အတွက် နှစ်ဖက်ညှိနှိုင်းဖို့ အဆင်သင့် မဖြစ်သေးတဲ့ အကြောင်းအရာတွေကို နောက်နောင် အစည်းဝေးတွေမှာဖြစ်ဖြစ်၊ အလွတ်သဘော တွေ့ဆုံခြင်းမှာဖြစ်ဖြစ် ဆက်လက်ညှိနှိုင်းသွားဖို့ လိုကောင်းလိုအပ်မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အချိန်ဇယားညှိနှိုင်းရာမှာ အချိန်အကန့်အသက်ရှိလို့ နှစ်ဖက်စလုံးအတွက် လူသား လွန့်သာဖြစ်စေတဲ့ အချိန်ဇယား Timeline ဖြစ်အောင် ဝိုင်းဝန်း ညှိနှိုင်းသွားရမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအသီးအပွင့်တွေ၊ ငြိမ်းချမ်းရေ အရသာစစ်စစ်ကို ပြည်ထောင်စုသား ပြည်သူလူထု တစ်ရပ်လုံး စံစား၊ ခံစားနိုင်ရေးအတွက် မိမိတို့ညှိနှိုင်းရေးအဖွဲ့တွေက စွမ်းအားရှိသမျှ အားကုန်ထုတ် ကြိုးပမ်းလုပ်ဆောင်သွားကြဖို့ တာဝန်ရှိကြပါတယ်။ ဒီတာဝန်က ကြီးလေးသလို ကြီးမြတ်ပါတယ်။ ငြိမ်းချမ်းရေးသမိုင်းတွင်မယ့် မော်ကွန်းတင်နိုင်မယ့် အခွင့်အရေးကို မိမိတို့အားလုံး လက်မလွှတ်မိစေဘဲ မိမိရရဆုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။ နှစ်ဖက်ခေါင်းဆောင်တွေက ယုံကြည်အားကိုးကြလို့ ဒီကြီးလေးတဲ့တာဝန်တွေကို နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေဆီ အပ်နှံခဲ့တာ ဖြစ်ပါတယ်။ မိမိတို့နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့တွေ အနေနဲ့ ယုံကြည်မှု၊ စိတ်ရှည်သည်းခံမှု၊ အပြန်အလှန်လေးစား အသိအမှတ်ပြုမှု၊ တန်းတူမှု၊ အများအကျိုးဦးထိပ်ထားမှုတို့နဲ့ ချစ်ချစ်ခင်ခင်၊ ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းဆွေးနွေးသွားရင် ပြီးမြောက်အောင်မြင်တဲ့၊ အားလုံးအတွက် အနိုင်ရပီတိဖြစ်စေတဲ့ ညှိနှိုင်းအစည်းအဝေးဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။
အစိုးရနှင့် NCA-S EAO ၏ နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၃ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ဖြစ်သည်။
သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ.ဖိုးထောင်