မန္တလေး   ၃  ဖေဖော်ဝါရီ

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေသည့် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ရောက်ရှိနေသော မြန်မာကျောင်းသား၊ ကျောင်းသူ ၆၃ ဦးအနက် ၅၉ ဦးသည် ယနေ့နံနက် ၄ နာရီက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ၎င်းတို့အား သီးသန့်ထားရှိရန် အသင့်ပြင်ဆင်ထားသည့် ၆၂ လမ်းရှိ ကန်တော်နဒီဆေးရုံတွင် ကျန်းမာရေးစောင့်ကြပ် ကြည့်ရှုမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူရန် စာရင်းရှိ ကျောင်းသား ကျောင်းသူ ၆၃ ဦးအနက် တစ်ဦးမှာ တရုတ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့်မညီညွတ်ခြင်းကြောင့်လည်းကောင်း၊ တစ်ဦးမှာ ပြည်နယ် ပြင်ပရောက်ရှိနေသောကြောင့် လည်းကောင်း၊ ကျန်နှစ်ဦးမှာ ကိုယ်အပူချိန်မြင့်မားနေသဖြင့် ကျန်းမာရေး စောင့်ရှောက်မှုခံယူရန် လိုအပ်သောကြောင့် လည်း ကောင်း ချန်ထားခဲ့ရပြီး ရောက်ရှိလာသည့် ကျောင်းသား ကျောင်းသူ ၅၉ ဦးကို အဖျား ရှိ၊ မရှိ တိုင်းတာစစ်ဆေးပြီးမှ သတ်မှတ်ထားသည့် ကန်တော်နဒီဆေးရုံရှိ အခန်းအသီးသီးတွင် နေရာချထားပေးခဲ့ခြင်းဖြစ်ကာ နေ့စဉ် တစ်ရက် နှစ်ကြိမ်နှုန်းဖြင့် အဖျားတိုင်း၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ၁၄ ရက်တိတိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းမြင့်ထံမှ သိရသည်။

"အခုပြန်ရောက်လာတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးက ဆေးရုံအုပ်တစ်ဦးကို ကန်တော်နဒီဆေးရုံမှာ တာဝန်ထားပြီး သူနဲ့အတူ ဆရာဝန်တစ်ဦး၊ သူနာပြု နှစ်ဦး၊ အထွေထွေလုပ်သားနှစ်ဦးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးသွားမှာပါ။ အကယ်၍ အရေးပေါ် တစ်စုံတစ်ရာရှိခဲ့ရင် အဲဒီမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေ ကတစ်၀င့် မန္တလေးဆေးရုံကြီးတွေမှာ ရှိနေကြတဲ့ အထူးကုဆရာဝန်ကြီးတွေကို သတင်းပို့ပြီး ကုသမှု လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ၁၄ ရက်ပြည့်သွားရင်တော့ သူတို့နေထိုင်ရာ ဒေသအသီးသီးကို ပြန်ပို့မှာဖြစ်ပါတယ်။ ပြည်သူတွေကို အသိပေးချင်တာက ကျွန်မတို့ မန္တလေးက တရုတ်နိုင်ငံသားတွေ အများအပြား ဝင်ရောက်တဲ့မြို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ အဖျားရှိနေသူကို တွေ့ခဲ့မယ်ဆိုရင် ဒါမှမဟုတ် ကိုယ်တိုင်ဖျားနေတယ်ဆိုရင် ကျန်းမာရေးဌာနကို အချိန်မီသတင်းပို့ပြီး လာရောက်ကုသမှုခံယူပါလို့ ပြောကြားလိုပါတယ်" ဟု ၎င်းက ပြောကြားသည်။

ပြန်လည်ရောက်ရှိလာသည့် ကျောင်းသား ကျောင်းသူများအား ရန်ကုန်မြို့မှ လာရောက်ကြိုဆိုသည့် ကျောင်းသူတစ်ဦး၏ဖခင် ဦးဇော်ထွန်းဝင်းက "ကျွန်တော့်သမီးက ပူဟန်မြို့ ဆေးတက္ကသိုလ်မှာ နောက်ဆုံးနှစ် တက်နေတာ ပါ။ ပြန်ခေါ်တဲ့သူတွေထဲမှာ လေးဦးကျန်ခဲ့တဲ့အတွက် ကျွန်တော့်သမီးများ ကျန်နေမလားလို့ စိုးရိမ်မိသွားတယ်။ ဒါပေမယ့် စိစစ်ပြီး လေယာဉ်ပေါ်ရောက်တဲ့အထိ ဖုန်းအဆက်အသွယ်မပြတ်တဲ့အတွက် စိတ်အေးသွားရတယ်။ ကျွန်တော်က မန္တလေးကို တစ်ရက်ကြိုပြီး လာစောင့်နေခဲ့တာပါ။ အခုလို အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာလို့ ဝမ်းသာနေရတယ်" ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွားစေရေးအတွက် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်သည့် တိုင်းဒေသကြီးအဆင့် စောင့်ကြည့် စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ (SRT)ကို ဇန်နဝါရီ ၂၇ ရက်တွင် စတင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး ရောဂါကာကွယ်ရေးအတွက် လေကြောင်းလိုင်းအပြင် ကုန်းလမ်း၊ ရေလမ်းများတွင်လည်း ဝင်ထွက်ပေါက်များ၌ စောင့်ကြပ် ကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)