မယ်စဲ့ ၃ ဖေဖော်ဝါရီ
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာတွင် ဒေသအကျိုးပြု ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းနှင့် အိမ်တိုင်ရာရောက် ရေဖြန့်ဝေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို ယမန်နေ့က ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပန်တိန်းကျေးရွာ ကုန်ထုတ်လမ်းကို ယခုဘဏ္ဍာနှစ် ပြည်ထောင်စုခွင့် ပြုရန်ပုံငွေ ကျပ် ၁၅၀ ဒသမ ၁၅၈ သန်းဖြင့် အရှည် (၂/၄)မိုင်၊ မြေလွှာ ၁၇ ပေ၊ အမြင့် ၂ ပေပေါ်တွင် ကျောက်ရောမြေ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မ ခင်းခြင်းနှင့် ယင်းကုန်ထုတ်လမ်းပေါ်တွင် Box Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ပြည်နယ် ဦးစီးမှူးနှင့်အဖွဲ့သည် ပြည်ထောင်စုခွင့်ပြုရန်ပုံ ငွေ ကျပ် ၈၂ ဒသမ ၆ သန်းဖြင့် ဆောင်ရွက်နေသည့် ပန်တိန်းကျေးရွာ အိမ်တိုင်ရာရောက် ရေဖြန့်ဝေရေးလုပ်ငန်းနှင့် ဂါလံ ၁၀ဝ၀ဝ ဆံ့အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ပန်တိန်းကျေးရွာ လယ်ယာကုန်ထုတ်လမ်းနှင့် အိမ်တိုင်ရာရောက် ရေဖြန့်ဝေရေးလုပ်ငန်းပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၂၁၀ ခန့်၊ လူဦးရေ ၇၅၀ ခန့်တို့၏ ဒေသထွက်ကုန်ပစ္စည်းများ အခက်အခဲမရှိ သယ်ယူနိုင်ခြင်းနှင့် အိမ်တိုင်ရာရောက်ရေပိုက်လိုင်း ရောက်ရှိသည့်အတွက် ရေသုံးစွဲမှု များစွာအဆင်ပြေချောမွေ့မည်ဖြစ်ရာ ဒေသခံပြည်သူများအတွက် အထောက်အကူပြုသည့် လုပ်ငန်းများဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)