မိတ္ထီလာ  ၃  ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြိုနယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ဖြန့်ဖြူးနိုင်စေရန် ၃၃/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ မလှိုင်ဓာတ်အားခွဲရုံကို တည်ဆောက်သွားမည် ဖြစ်ကြောင်း  မိတ္ထီလာခရိုင် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုးရေးရှင်းမှ မလှိုင်မြို့ပေါ် ရပ်ကွက်များ၊ လျှပ်စစ်ဓာတ်အားဖြင့် လျှပ်စစ်မီးအသုံးပြုလျက်ရှိသည့် ကျေးရွာများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာအသုံးပြုနိုင်စေရန်နှင့် လျှပ်စစ်မီးမရရှိသည့် ကျေးရွာများ လျှပ်စစ်မီးဓာတ်အား ဖြန့်ဖြူးနိုင်စေရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ JICA အစီအစဉ်ဖြင့် မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုးရေးရှင်းမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့်  Htoo Myat Myanmar Co.,Ltd မှ တာဝန်ယူ၍  ၃၃/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ မလှိုင်ဓာတ်အားခွဲရုံကို မူလနေရာအနီးတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ခရိုင် လျှပ်စစ်မန်နေဂျာ ဦးယုမော် (အင်ဂျင်နီယာ)က ပြောသည်။

 

ယခုလက်ရှိ အသုံးပြုလျက်ရှိသည့် မလှိုင်ဓာတ်အားခွဲရုံရှိ ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ (၂)ခုမှ မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၂၄၇ ရွာရှိသည့်အနက် လျှပ်စစ်မီးရရှိသည့် ကျေးရွာ ၁၄၀ တို့ကို လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနေသော်လည်း အဆိုပါ မလှိုင်ဓာတ်အားခွဲရုံရှိ ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ (၂)ခုမှာ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသည့်အတွက် ၃၃/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ မလှိုင်ဓာတ်အားခွဲရုံကို တည်ဆောက်ခြင်း ဖြစ်ပြီး ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးပါက ကျန်ရှိသည့် ကျေးရွာများကိုလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)