ငါးသိုင်းချောင်း ၃ ဖေဖော်ဝါရီ
ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့တွင် မီးဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် စက်သုံးဆီ အရောင်းဆိုင်များ၌ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့တို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ၊ ကြိုတင်ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ထားရှိမှု၊ စက်သုံးဆီ သိုလှောင်ရောင်းချမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ သိကောင်းစရာများကို ပညာပေးပြောကြားခဲ့သည်။
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးသုံးစွဲမှု စနစ်တကျရှိရေးနှင့် မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင်သော မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နယ်မြေမီးသတ်စခန်း တာဝန်ခံ ဦးဝင်းနိုင်က ပြောသည်။
စိုးမင်းဦး(ပြန်/ဆက်)