ရန်ကုန် ၃ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ စိုက်ပျိုးရေး မွေးမြူရေး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းတို့သည် ဖေဖော်ဝါရီ ၃ ရက် နံနက်(၈)နာရီတွင် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ ၁၉ ရပ်ကွက်ရှိ အဆိုပါဝန်ထမ်းအိမ်ရာသစ်၌ ကျင်းပသည့် တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ရွှေပေါက်ကံဝန်ထမ်းအိမ်ရာ အဆောက်အဦအသစ် ဖွင့်ပွဲတက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာ တိုင်းဒေသကြီးအတွင်းရှိ အစိုးရရုံးဌာနများတွင် အလုပ်လုပ်ကိုင်နေကြသော ဝန်ထမ်းများ၏ လူမှုဘဝကို မြှင့်တင်ပေးရန်နှင့် ဝန်ထမ်းများ၏ ဘဝလုံခြုံစိတ်ချရပြီး ဝန်ထမ်းဘဝ အခိုက်အတန့် နေထိုင်နားခိုစရာအဖြစ် ယခုလို ဝန်ထမ်းအိမ်ရာများ တစ်ဆင့်ချင်း ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေပေါက်ကံဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ (၃)ထပ်တိုက် အဆောက်အဦသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး အဆောက်အဦ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းဆွေ က ဝန်ထမ်းအိမ်ရာဖွဲ့စည်းတည်ဆောက်ထားရှိမှု အခြေအနေအား မြေပုံကားချပ်ဖြင့် ရှင်းလင်းပြသသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဝန်ထမ်းအိမ်ရာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ရွှေပေါက်ကံဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ (၃)ထပ်တိုက် အဆောက်အဦကို ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေ (၂၆၄ ဒသမ ၉၃)သန်းဖြင့် အကုန်အကျခံ၍ ATY Co. Ltd မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင်စတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ဆန်းကျော်ဦး (ပြန် /ဆက်)