နေပြည်တော်  ၃  ဖေဖော်ဝါရီ 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့သည် ယမန်နေ့နံနက်ပိုင်းတွင် ဟဲဟိုးလေဆိပ်သို့ ရောက်ရှိပြီး ပြည်တွင်း ပြည်ပခရီးသွားများ မြန်မာနိုင်ငံဆိုင်ရာ သတင်းအချက်အလက်များအား အလွယ်တကူ ရယူသိရှိ နိုင်ရန်အတွက် ဟဲဟိုးလေဆိပ်ရှိ Information Counter ၌ QR Code နှင့် digital concierge   တပ်ဆင်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ခရီးသွားများ QR Code  အသုံးပြု၍ သတင်း အချက်အလက်ရယူနေမှုများအား ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်းနှင့် မြို့မိမြို့ဖများ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (တောင်ကြီးရုံးခွဲ)မှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့်အတူ ပင်းတယမြို့ ပုန်းတလုတ်ကန်ဘောင်တွင် ပြုလုပ် သည့် ချယ်ရီပင်စိုက်ပျိုးခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ချယ်ရီပန်းချစ်ကြည်ရေးစိုက်ပျိုးပွဲတော်မှတစ်ဆင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းတိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းမှ Promotion and Marketing ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် Online Marketing များ၊  Visa ဖြေလျှော့ပေးခြင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဟန်ချက်ညီစွာ အကောင်အထည်ဖော်နေပါကြောင်း၊ ပြည်တွင်းပြည်ပခရီးသွားများ သတင်းအချက် အလက်ရယူရာတွင် quick respond ဖြစ်စေရေး၊ လေဆိပ်များတွင် QR Code များ တပ်ဆင် ပေးထားပြီး ဟဲဟိုးလေဆိပ်နှင့် ပင်းတယမြို့ရှိ ဟိုတယ်များတွင်လည်း ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းမှစပြီး QR Code  များ တပ်ဆင်ပေးထားပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာပါက ဒေသခံပြည်သူလူထုအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လင်းလာခြင်း၊ အသိပညာ ဗဟုသုတကြွယ်ဝခြင်း၊ လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မားလာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်မှာ ဖြစ်ကြောင်း၊ ခရီးသွားများအနေဖြင့်လည်း ရုပ်ဝတ္ထုပစ္စည်းများထက် လူလူချင်းထိတွေ့ဆက်ဆံပြီး ဒေသခံတို့၏ ရိုးရာယဉ်ကျေးမှုထုံးစံများ၊ ယဉ်ကျေးပျူငှာစွာ ဆက်ဆံခြင်းတို့ကို လိုလားပါကြောင်း၊ ယနေ့ပင်းတယတွင် စိုက်ပျိုးခြင်းအပါအဝင် မြန်မာနိုင်ငံတွင် Sakura ချယ်ရီပင် (၇၈၉၉) ပင် စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနှင့်ဆိုလျင် နိုင်ငံပေါင်း (၂၇) နိုင်ငံ၌ အပင်ပေါင်း (၁၃၀ဝ၀ဝ) ကျော် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီးစီးပါကလည်း ရှင်သန်အောင် အားလုံးဝိုင်းဝန်း ပြုစုစောင့်ရှောက်ရန် တာဝန်ရှိကြောင်း ပြောကြားသည်။

 

a

 

ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ဦးအာကာလင်းက ပင်းတယမြို့၌ ပုန်းတလုတ်ကန်ဘောင်တွင် မြန်မာ-ဂျပန်ချစ်ကြည်ရေး အထိမ်းအမှတ် Sakura ချယ်ရီပင်များ စိုက်ပျိုးပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်းနှင့် ရှင်သန်ဖြစ်ထွန်းအောင် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြိုနယ် ဇုန်ဝင်ကြေး ကောက်ခံရရှိငွေများမှ ရပ်ရွာလူထုအကျိုးပြု ကိုယ်ထူကိုယ်ထကားလမ်း အရှည် (၁၂) မိုင်အား ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်းပြောကြားခဲ့ပြီး ပုန်းတလုတ်ကန်ဘောင်တွင် Sakura ချယ်ရီပင် (၅၀)နှင့် ပင်းတယမြို့နယ်ရှိ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းဖော်ဆောင်နေသည့် ဆီးကျအင်းကျေးရွာ တွင် (၅) ပင် စုစုပေါင်း (၅၅) ပင် စိုက်ပျိုးပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညနေပိုင်းတွင် ညောင်ရွှေမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)