ခင်ရတနာ

 

အမှတ်မထင် တွေ့မြင်လိုက်ရသည့် အဆောက်အဦသည် ယခင်တွေ့နေကျ ရုံးဌာနများ၏ပုံသဏ္ဌာန်နှင့်မတူဘဲ တစ်မူထူးခြားနေသည်။ နိုင်ငံတကာအဆင့်မီ အများပြည်သူနှင့် သက်ဆိုင်သည့် ဌာနတစ်ခုပုံစံဖြင့် ဆွဲဆောင်မှု ရှိလှသည်။

မြေညီထပ်အဝင်ဝတွင် ကလေးများအတွက် ခေတ်မီကစားကွင်းတစ်ခုရှိသည်။ ကလေးကစားကွင်း နှင့်အတူ ကလေးများအတွက် စိတ်ဝင်စားဖွယ် သပ်ရပ် လှပပြီး ကလေးစာဖတ်ခန်းဟူသည့် ခေါင်းစဉ်နှင့်ပနံရ သည့် စာကြည့်ခန်းတစ်ခုကိုလည်း မြင်တွေ့ရသည်။ တစ်ဆက်တည်းတွင် လူငယ်၊ လူကြီးများအတွက် ကြံ့ခိုင်ရေးလုပ်ရန် စက်ကိရိယာများ ခင်းကျင်းထားသည့်အခန်းကိုလည်း တွေ့ရသည်။ ပထမထပ်တွင် ဗဟုသုတရဖွယ် ပြတိုက်ငယ်နှင့် အစည်းအဝေးခန်းမ၊ ပင်မစာကြည့် တိုက်ကြီးတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ နောက်တစ်ထပ်တွင် လက်ပ်တော့ကွန်ပျူတာ ၂၅ စုံ ခင်းကျင်းထားသည့် သင်တန်းခန်းမနှင့် ဆွေးနွေးပွဲများ၊ အခမ်းအနားများ၊ စကားဝိုင်းများ ကျင်းပနိုင်ရန် ပြင်ဆင်ထားသည့် ဘက်စုံသုံး ခန်းမကြီး။ ထို့နောက် အပေါ်ဆုံးထပ် (Roof Top) ဘယ်၊ ညာမှာတော့ စာပေစကားဝိုင်းများ ကျင်းပရန်၊ လူထုအားကစားလှုပ်ရှားမှုများ လုပ်ဆောင်ရန် စသည့်ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အများသူငါ အသုံးပြုနိုင်မည့် လသာဆောင်များကို မြင်တွေ့ရသည်။

ထိုအဆောက်အဦသည် ဗဟန်းလူထုအခြေပြု ဗဟိုဌာန (Community Center -Bahan) ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်မှ ငွေကျပ် ၄၈၄ ဒသမ ၁ သန်း အကုန်အကျခံကာ နိုင်ငံတကာအဆင့်မီ တည်ဆောက်ပေးထားခြင်း ဖြစ်သည်။ ယခုလဆန်းမှာ ပင် ပြည်သူများအသုံးပြုနိုင်ရေးအတွက် စတင်ဖွင့်လှစ် တော့မည်ဟု သိရှိရပါသည်။

“လူထုအခြေပြုဗဟိုဌာနတွေမှာ ပြည်သူတွေ အသုံးပြုပြီး ဆွေးနွေးတာတွေရှိတယ်။ စာအုပ်စာစောင် တွေ လာဖတ်ရှုကြတာရှိတယ်။ ကွန်ပျူတာသင်တန်း တွေနဲ့ အခြားသင်တန်းတွေလည်း ဖွင့်လှစ်ပေးတယ်။ Community Center အသီးသီးမှာ ပြည်သူလူထုဟာ ပုံစံအမျိုးမျိုးနဲ့ အသုံးပြုလို့ရတယ်ဆိုပြီး ကျွန်မ နားလည် ပါတယ်။ ဒီကနေ့ပဲ ကျွန်မ ဆော်သြတိုက်တွန်းလိုပါ တယ်။ အသုံးပြုကြပါ။ ဒါဟာ ပြည်သူလူထုအတွက် ထူထောင်ထားတဲ့ ဌာနတွေဖြစ်ပါတယ်။ ပြည်သူလူထု အသုံးပြုမှလည်း ကျွန်မတို့ ထူထောင်ရကျိုးနပ်မှာပါ။ ဒီနေရာတွေမှာ အားလုံးက လေ့လာဆည်းပူးရုံမျှမက တစ်ဦးနဲ့တစ်ဦး အမြင်ဖလှယ်ဖို့ နေရာတစ်ခုလို့ ကျွန်မတို့ က သတ်မှတ်ထားပါတယ်။ အခုနောက်ပိုင်းမှာ ပြတိုက် ငယ်တွေအထိ ခင်းကျင်းပြသထားတယ်ဆိုပြီးတော့ လည်း ကျွန်မတို့သိရပါတယ်။ လူငယ်လူရွယ်တွေအနေနဲ့ ယဉ်ကျေးမှုပစ္စည်းတွေကို တန်ဖိုးထားပြီး အသုံးပြုတတ် လာဖို့နဲ့ အလေ့အထကောင်းတွေနဲ့ ထိန်းသိမ်းစောင့် ရှောက်တတ်လာဖို့ ဆိုပြီးတော့ အခုလို ပြတိုက်ငယ် ကလေးတွေ လုပ်လာနိုင်လို့လည်း ကျွန်မ အင်မတန် ဝမ်းသာပါတယ်” ဟု ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့အကြား လူထုအခြေပြုဗဟိုဌာနများ ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခြင်းနှင့် ယာဉ်နှင့်စက်ကိရိယာပစ္စည်းများ လွှဲပြောင်းပေးအပ် ခြင်းအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူထု အခြေပြုဗဟိုဌာနများ နှင့် ပတ်သက်၍ ပြည်သူလူထု အသုံးပြုလာစေရေး အတွက် တိုက်တွန်းပြောကြားထားသည်။

လူထုအခြေပြုဗဟိုဌာနများ

ဒေသတစ်ခုတွင် ပြည်သူများစုပေါင်းတွေ့ဆုံရာ၊ ဆွေးနွေးဖလှယ်ရာ၊ နှီးနှောတိုင်ပင်ရာစသည့် ရပ်ရွာ အကျိုး၊ တိုင်းပြည်အကျိုး ဆောင်ရွက်မှုများအတွက် လူထုအခြေပြု ဗဟိုဌာနဟု ခေါ်တွင်သည့် Community Center များသည် နိုင်ငံတော်အစိုးရသစ်တာဝန်ယူပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာန၏ စီမံဆောင်ရွက်မှု ဖြင့် စတင်သန္ဓေတည်ခဲ့ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း နှင့် ပူးပေါင်းကာ မွေးဖွားရှင်သန်လာခဲ့ခြင်း ဖြစ်သည်။ မကြာမီဖွင့်လှစ်တော့မည့် နိုင်ငံတကာအဆင့်မီ ဗဟန်း မြို့နယ် လူထုအခြေပြု ဗဟိုဌာနအပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ခရိုင်နှင့်မြို့နယ်ရုံးများကို ၂၁ ခုအထိ အဆင့် မြှင့်တင်ပြီး ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။ ထိုအနက် ၁၆ ခုကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်းအကောင်အထည် ဖော်ခဲ့ကြခြင်းဖြစ်ပြီး ငါးခုမှာ စေတနာရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပူးပေါင်းဆောင်ရွက် မှုဖြင့် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

၂၉ နှစ်တိုင် တာ၀န်ကျေပွန်ခဲ့သည်

လူထုအခြေပြုဗဟိုဌာနများအပြင် ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာန၏ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းကဏ္ဍများကား အလွန်များပြားလှသည်။ ယခင် က ပြည်သူ့ စာကြည့်တိုက်များအဖြစ် စာဖတ်ခန်းများသာ ရှိခဲ့သည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးများသည် ယခုအခါ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် အသီးသီးတို့၏ ဆောင်ရွက်မှုများတွင် ကဏ္ဍစုံမှတက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည် ကို ဝမ်းမြောက်ဖွယ် မြင်တွေ့ရသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ သည် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန စတင် တည်ထောင်ဖွင့်လှစ်ခဲ့သည့် ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းဆောင်တာများ အားလုံးသည် အစိုးရနှင့် ပြည်သူ အကြား ကောင်းမွန်သည့်ဆက်ဆံရေးများ တည်ဆောက် နိုင်ရန်အတွက် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ အပေါ် တွင် အခြေခံကာ ပြည်သူ့စာကြည့်တိုက်များဖြင့် ပြည်သူ များ အသိပညာမြင့်မားရေးအတွက် စာပေနှင့် အသိ ပညာဗဟုသုတများကို မျှဝေခြင်း၊ အစိုးရနှင့် ပြည်သူ အကြား သတင်းများ အပြန်အလှန် စီးဆင်းနိုင်စေရေး အတွက် သတင်းအချက်အလက် ထုတ်ပြန်ပေးခြင်းတို့ ဆောင်ရွက်နေသည်ကို မြင်တွေ့ရသည်။ သို့သော် ပြန်/ဆက်ရုံးနှင့် ပြန်/ဆက် ဝန်ထမ်းများသည် ရှေးရိုး အစဉ်အလာအတိုင်း စာအုပ်စာစောင်များ ငှားရမ်းခြင်း၊ စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းနှင့် သတင်းအချက် အလက် ဖြန့်ဝေခြင်းတို့ကို အဓိကထား ဆောင်ရွက်သည် တော့မဟုတ်။ ပြောင်းလဲ လာသည့် နိုင်ငံ၏အခြေအနေ၊ ဒီမိုကရေစီလမ်းစဉ်များအတိုင်း ပြည်သူအားလုံး စိတ်ဝင် တစား ပူးပေါင်းပါဝင် လာစေရေးအတွက် အသွင်သစ်၊ အမြင်သစ်ဖြင့် အားသွန်ကြိုးပမ်းဆောင်ရွက် ပေးနေကြ ခြင်း ဖြစ်သည်။

ပြည်သူများအတွက် နေရာတစ်ခု

နိုင်ငံတော်အစိုးရသစ် တာဝန်ယူပြီးနောက် ၂၀၁၆ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးများနှင့်တွေ့ဆုံစဉ် မူဝါဒ တစ်ရပ်ချမှတ်ပြီး စတင်ဆောင်ရွက်ခဲ့ရာမှ ပြောင်းလဲမှု များကို ထင်ရှားစွာ တွေ့မြင်လာရသည်။

“ကျွန်တော်တို့ရဲ့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ရုံး များနဲ့ စာကြည့်တိုက်များဟာ ပြည်သူကို မျက်နှာမူတဲ့ မူဝါဒနဲ့အညီ လုပ်ကိုင်ဆောင်ရွက်နေတာတွေလည်း ပြောင်းဖို့ လိုပါတယ်။ တချို့စာကြည့်တိုက်တွေကို Community Center လို့ခေါ်တဲ့ ပုံစံအသစ်ပြောင်းလဲဖို့ ရှိပါတယ်။ ကျွန်တော်တို့ ရုံးတွေ၊ စာကြည့်တိုက်တွေကို ရပ်ရွာပြည်သူလူထုက စိတ်ဝင်စားတဲ့၊ ရပ်ရွာရဲ့အရေး ကိစ္စတွေကို လာရောက်ဆွေးနွေး တိုင်ပင်နှီးနှောနိုင်တဲ့၊ အကူအညီတောင်းခံနိုင်တဲ့ နေရာဌာနတွေ ဖြစ်အောင် လုပ်ဖို့လိုပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ ရုံးများ၊ စာကြည့်တိုက်များဟာ ရပ်ရွာအတွက် အသုံးဝင် သော နေရာဌာနတစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု လမ်းညွှန်မှာကြားမှုနှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြရာ ယခုအခါ ပြန်/ဆက်ရုံးများကို ပြည်သူများ ယခင်ကထက် ပိုမိုဝင်ထွက် အသုံးပြုလာ ကြပြီဖြစ်သည်။

ထိုကဲ့သို့ ပြည်သူများအသိပညာနှင့် သတင်းအချက် အလက်များ ရှာမှီးနိုင်စေရေး၊ ရပ်ရွာအကျိုး၊ တိုင်းပြည် အကျိုး ဆွေးနွေးတိုင်ပင်စေရေး၊ ပြည်သူများ အပန်းဖြေ နိုင်စေရေးတို့အတွက် ပေါ်ထွက်လာခဲ့သည့် Community Center များတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် လက်တွဲကာ အင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် အခြားအသက် မွေးဝမ်းကျောင်းဆိုင်ရာ၊ ဘာသာစကားဆိုင်ရာ၊ အတတ် ပညာဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိသည်။ စင်တာများတွင် ကဏ္ဍအလိုက် ကျွမ်းကျင်သူများ၊ သက်ဆိုင်သူများနှင့် ပါဝင်ပတ်သက်သူများ၏ စကား ဝိုင်းဆွေးနွေးပွဲများ ကျင်းပမှုကိုလည်း မြင်တွေ့ရ သည်။

နယ်လှည့်စာကြည့်တိုက်တွေလာပြီ

ရွေ့လျားစာကြည့်တိုက်များသည် စာကြည့်တိုက် များသို့ တကူးတက မလာရောက်နိုင်သည့် ပြည်သူများ အတွက် နယ်လှည့်သမားတော်ကဲ့သို့ပင် အကျိုးရှိစေလှ သည်။ ရွေ့လျားစာကြည့်တိုက်များတွင် သုတ၊ ရသ စသည်ဖြင့် စာအုပ်စာပေစုံလင်လှသကဲ့သို့ ကလေးများ အတွက်လည်း ရုပ်ပြများ၊ ပုံပြင်များ၊ အသိပညာပေး စာစောင်များအထိ ပါဝင်သည်ကို မြင်တွေ့ရသည်။ ဝန်ကြီးဌာနများ၏ ရုံးများ၊ စာသင်ကျောင်းများနှင့် ဈေးများစသည့် အနီးအနားတွင်လည်း မကြာမကြာ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်များကို မြင်တွေ့ ရသည်မှာ အားရဖွယ်ကောင်းသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် ပြည်သူများ အသိပညာမြင့်မားရေးအတွက် ခရိုင်နှင့် မြို့နယ် ရုံးများတွင်လည်း Book Club များ ဖွဲ့စည်းပေး ပြီး စာပေချစ်သူများစုစည်းကာ စာပေအသိုက်အဝန်း တစ်ခုဖြစ်ပေါ် လာစေရေးအတွက်လည်း ဆောင်ရွက်ပေး လျက်ရှိသည်ကို မြင်တွေ့ရသည်။ စာပေချစ်သူများ၏ စာဖတ်ဝိုင်းများသည် စာဖတ်သူများ၏ အတွေးအမြင် များ ဖလှယ်ရာနေရာတစ်ခုဖြစ်ပြီး ယင်းမှသည် ဆွေးနွေး အဖြေရှာတတ်သည့် လူငယ်များ မွေးထုတ်ပေးနိုင်ခြင်း၊ စာအုပ်ကောင်းများကို ဖတ်ရှုနိုင်ရန် မျှဝေပေးနိုင်ခြင်း၊ စာပေမှတစ်ဆင့် ဆင်ခြင်တုံ တရားနှင့် ဝေဖန်ပိုင်းခြားနိုင် သည့် စွမ်းရည်များ ထွက်ပေါ်လာနိုင်ခြင်းတို့ ရရှိလာမည် ဟု ယုံကြည်သည်။ ၂၀၁၉ ခုနှစ် အတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်နှင့်မြို့နယ်ရုံး ၄၀၉ ရုံးတွင် လှုပ်ရှားမှုမှတ်တမ်းများအရ Book Club ပေါင်း ၃၀၄ ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီး စာဖတ်ဝိုင်းပေါင်း ၂၄၀၃ ကြိမ် အထိ စီစဉ်ကျင်းပပေးနိုင်ခဲ့သည်ကိုလည်း သိရှိရ သည်။

ဗလငါးတန်ဖွံ့ဖြိုးရေး ဦးစားပေးထမ်းဆောင်

စာကြည့်တိုက်ယဉ်ကျေးမှုသည် လွန်ခဲ့သည့် နှစ်ပေါင်း ထောင်ချီကတည်းကပင် စတင်ခဲ့သည်။ ဘေဘီ လုံနီးယားပြည် မြို့ဟောင်းတစ်ခုတွင် ရှေးဟောင်း အဆောက်အဦများကို တူးဖော်ရာ ဘီစီ ၂၅ဝဝ ပြည့် ဝန်းကျင်က တည်ဆောက်ခဲ့ဟန်ရှိသည့် စာကြည့်တိုက် တစ်ခုကို တွေ့ရှိခဲ့ကြသည်။ စာကြည့်တိုက်များသည် ပညာဖြင့် ဦးဆောင်ပြီး ယဉ်ကျေးမှုကို ရှေ့တန်းထား သည့် နိုင်ငံကြီးသားများ၏ ပြယုဂ်အဖြစ် သတ်မှတ်ကြ သည်။ ယခုခေတ် နိုင်ငံတကာ စာကြည့်ခန်းများ၊ စာကြည့်တိုက်များသည် မည်သူမဆို လွတ်လပ်စွာ ဝင်ရောက်ဖတ်ရှုနိုင်ပြီး ဟောပြောပွဲများ၊ စာအုပ်ပြပွဲများ၊ ဆွေးနွေးပွဲများကိုလည်း မကြာခဏ ကျင်းပနေကြသည်။ မြန်မာနိုင်ငံတွင်လည်း ရှေးမြန်မာမင်းများ လက်ထက် ကတည်းက စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားခဲ့ သည်ကို သမိုင်းမှတ်တမ်းများအရ သိရှိနိုင်ပါသည်။

ဗလငါးတန်ဖြစ်သည့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသည် စာဖတ် ခြင်းနှင့် ကောင်းမွန်သည့် လူ့အသိုက်အဝန်းကြားတွင် ဖြတ်သန်း ရှင်သန်ခြင်းဖြင့်သာ ရရှိနိုင်မည်ဖြစ်သည်။ ပြည်သူများ ကျန်းမာရေးဗဟုသုတ၊ အသိဉာဏ်ပညာ၊ အကျင့်စာရိတ္တနှင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန် ပြည့်စုံမှု၊ ကြီးပွားရာ ကြီးပွားကြောင်း ရှာဖွေတတ်မှု ဟူသည့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် စာပေဖတ်ရှု သည့် အလေ့အထများ အားကောင်းစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဆောင်ရွက်ပေးမှုများသည် များစွာအကျိုးကျေးဇူးရရှိ ကြမည် ဖြစ်ပါသည်။

ပြည်သူများ စာပေဖတ်ရှုလေ့လာရေးအတွက် အခြေခံသည် ကလေးများပင် ဖြစ်သည်။ ကလေးစာပေ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ကလေးများ စာဖတ်ခြင်းအလေ့ အထကို မွေ့လျော်ခြင်းသည် ကလေးများ၏ အနာဂတ် ကို အရောင်တင်ပေးခြင်း တစ်နည်းဆိုသော် ကလေး များကို စိတ်ဓာတ်အာဟာရ ဖြည့်တင်းပေးခြင်းပင် ဖြစ် သည်။ ကလေးများက စာပေကို စိတ်ဝင်တစား ဖတ်ရှုခြင်း သည် မိဘများနှင့်ဆရာများကိုလည်း ဆွဲဆောင်ပြီးသား ဖြစ် သကဲ့သို့ အနာဂတ်အတွက်လည်း အားသစ်လောင်း သည့် ဆောင်ရွက်ချက်ပင် ဖြစ်သည်။

ကလေးများရဲ့စာပေပွဲတော်

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဂုဏ်ယူဖွယ်ရာဆောင်ရွက်ချက်များအနက် ကလေး စာပေပွဲတော်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခြင်းသည် လည်း တစ်မူထူးခြားသည်။

နိုင်ငံတော်အဆင့် ကလေးစာပေပွဲတော်များအဖြစ် ၂၀၁၉ ခုနှစ်အတွင်းမှာပင် ကချင်ပြည်နယ် မြစ်ကြီးနား တက္ကသိုလ်နှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးတက္ကသိုလ်တို့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်ကို မြင်တွေ့ရသည်။ ကလေးများအတွက် စာအုပ်စာပေများ ဖတ်ရှုရခြင်း၊ ပျော်ရွှင်စရာ ကစားနည်းများ ပါဝင်ကစား ရခြင်းနှင့် သုတ၊ ရသပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် ခွင့် ရရှိခဲ့ခြင်းသည် အမှတ်ရစရာ နေ့စွဲများအဖြစ် သူတို့သမိုင်း တစ်လျှောက်တွင် စွဲကျန်နေမည်မှာ အသေအချာပင် ဖြစ်သည်။ ခရိုင်အဆင့် ကလေး စာပေပွဲတော်များကိုလည်း ရှမ်းပြည်နယ် တာချီလိတ်မြို့၊ လွိုင်လင်မြို့၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ မကွေးတိုင်းဒေသကြီး သရက်မြို့၊ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းနှင့် အလုံမြို့နယ်တို့တွင် ကျင်းပပေးခဲ့ပြီး များပြားလှစွာသော မြို့နယ်အသီးသီးတွင်လည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် သက်ဆိုင်ရာဌာနအသီးသီး၊ အဖွဲ့အစည်းအသီးသီး တို့နှင့်ပူးပေါင်းကာ ကျင်းပပေးနိုင်ခဲ့သည်။ ယခုအခါ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကလေး စာပေပွဲတော် များကို နိုင်ငံတော်အဆင့် ကိုးကြိမ်၊ ခရိုင်အဆင့် (၄၃) ကြိမ်၊ ဒေသအစီအစဉ်ဖြင့် (၂၆) ကြိမ် စုစုပေါင်း (၇၈) ကြိမ် ကျင်းပနိုင်ခဲ့ကာ ဆက်လက်ပြီး ကျင်းပလျက်ရှိနေ သည်ကိုလည်း သိရှိရပါသည်။

လူငယ်များရဲ့အနာဂတ်ဆီသို့

အခြေခံပညာကျောင်းများမှ ကလေးများကို အခြေခံကာ ကလေးစာပေပွဲတော်များကို ကျင်းပနိုင် ခဲ့သည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနသည် လူငယ်များအတွက်လည်း တက္ကသိုလ်ကြီး များကို အခြေခံသည့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးပွဲတော်များကို ကျင်းပဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် မကွေးတက္ကသိုလ်တွင် ကျင်းပနိုင်ခဲ့ရာ ယခင်ကျင်းပခဲ့သည့် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့ အပါအဝင် တက္ကသိုလ်သုံးခုတွင် ကျင်းပ နိုင်ခဲ့ပြီဖြစ်သည်။ လူငယ်များ၏ အနာဂတ်၊ လူငယ်များ ၏ မျှော်လင့်ချက်နှင့် စိတ်ကူး အိပ်မက်တို့သည် ဘက်စုံဖွံ့ဖြိုးရေးပွဲတော်များမှတစ်ဆင့် ရှင်သန်ပေါက်ဖွားခွင့် ရရှိနိုင်ခဲ့ပြီဟုပင် ဆိုနိုင်ပါသည်။

“မြန်မာနိုင်ငံလူဦးရေရဲ့ ၃၃ ဒသမ ၈ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်မှ ၃၅ နှစ် အကြားရှိတဲ့ လူငယ်တွေ ဖြစ်ပါ တယ်။ ဒီလူငယ်တွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေဖြစ်သလို အနာဂတ်နိုင်ငံတော်ရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍကိုလည်း လက်ဆင့်ကမ်း အမွေရယူကြရမယ့်သူတွေလည်း ဖြစ်ပါတယ်။ နိုင်ငံရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ဝယ်မှာရှိပါတယ်။ လူငယ်တွေရဲ့ လေ့လာအားထုတ်မှု၊ အကြားအမြင် ဗဟုသုတကြွယ်ဝမှု၊ ထူးချွန်ထက်မြက်မှု၊ ရိုးသားပွင့်လင်း မှု၊ အများအကျိုးသယ်ပိုးလိုမှုနဲ့ တက်ကြွလှုပ်ရှားမှု များဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ် ပါတယ်” ဟု ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က မကွေးတက္ကသိုလ်၌ ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းတစ်ရပ်အတွင်း လူငယ်မောင်မယ်များကို ဦးတည်ပြောကြားခဲ့ဖူးသည်။

ဘာသာစကားစွမ်းရည် ဖော်ထုတ်ပွဲများ ကျင်းပ ခြင်း၊ လူငယ်ရေးရာဗျူဟာများအကြောင်း ဟောပြော ဆွေးနွေးခြင်း၊ လူငယ်စွန့်ဦးတီထွင်သူများ၏ အတွေ့ အကြုံများ ဖလှယ်ခြင်းနှင့် နည်းပညာဆိုင်ရာ ဆွေးနွေး ဟောပြောခြင်းများအပြင် လူငယ်နှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်မှု၊ လူငယ်နှင့် အနာဂတ်ဘဝလမ်းကြောင်း ရွေးချယ်မှုစသည့် အကြောင်းအရာများအပေါ် ဆွေးနွေး ကြမှုများသည် လူငယ်များအတွက် များစွာအထောက် အကူရရှိကြမည် ဖြစ်ပါသည်။ ထို့အပြင် ပြခန်းများ အသီးသီးပြသထားရာ နည်းပညာဆိုင်ရာ ပြခန်းများ၊ တက္ကသိုလ်အသီးသီးမှ ထူးချွန်သူတို့၏ တီထွင်ဆန်းသစ် မှု ပြခန်းများ၊ ဘာသာရပ်အသီးသီးမှ ပြခန်းများကြောင့် လူငယ်များအဖို့ ယုံကြည်မှုနှင့် တန်ဖိုးထားမှုများ မြင့်မားလာစေသည့် အပြင် ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာ ဖော်ထုတ်မှုများသည်လည်း မျိုးဆက်သစ် လူငယ်များ၏ စိတ်နှလုံးကို ဖမ်းစားနိုင်မည် ဖြစ်ပါသည်။

ကျယ်ပြန့်သည့် သတင်းကွန်ရက်

ပြန်ကြားရေးဝန်ကြီးဌာန၏ အဓိကရည်မှန်းချက် သုံးရပ်ဖြစ်သည့် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေ ပေးရန် ဟူသည့်အတိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနသည် ပြည်သူနှင့် အစိုးရအကြား ပေါင်းကူး ပေးသည့် မီဒီယာလုပ်ငန်းကိုလည်း အားဖြည့်ဆောင် ရွက်ပေးလျက်ရှိသည်ကို မြင်တွေ့ရသည်။ သတင်း အချက်အလက် ထုတ်ပြန်ခြင်း ဆောင်ရွက်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြန်/ဆက်ဝန်ထမ်းများ က ထမ်းဆောင်လျက်ရှိပါသည်။ ဦးစီးဌာန၏ သုတေသန နှင့် သတင်းအချက်အလက်ဌာနခွဲတွင် ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှစတင်ကာ သတင်းခန်း (News Room) ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး သတင်းလွှင့်တင်မှုပုံစံ ကို ပြည်သူများစိတ်ဝင်စားသည့် ပုံသဏ္ဌာန်နှင့် အနှစ်သာရတို့ဖြင့် ပြင်ဆင်ဆောင်ရွက်ခဲ့သည်။ ပြည်သူ များအနေဖြင့် သိရှိလိုသည့် သတင်းအချက်အလက်များ ကို လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်သို့ အလွယ်တကူဝင်ရောက် ဖတ်ရှုနိုင်ရန် အတွက် ပြောင်းလဲလွှင့်တင်ခဲ့သည်ကိုလည်း မြင်တွေ့ရသည်။ Ministry of Information ၏ လူမှု ကွန်ရက်စာမျက်နှာနှင့် ဝက်ဘ်ဆိုက်တို့တွင် တစ်နိုင်ငံ လုံးမှ ထူးခြားသည့်သတင်းဖြစ်စဉ်များ၊ အခမ်းအနားများ အပြင် အစိုးရနှင့် ပြည်သူများအကြား အပြန်အလှန် သတင်း စီးဆင်းနိုင်ရေးအတွက် နေ့စဉ်အချိန်မဆိုင်းဘဲ တင်ဆက်ပေးလျက်ရှိသည်ကို မြင်တွေ့ရသည်။

ပြန်ကြားရေးဝန်ကြီးဌာနရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားအပါအဝင် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ ကြေးမုံ၊ မြန်မာ့အလင်းနှင့် သည်ဂလိုဘယ်လ်နယူးလိုက် အော့ဖ် မြန်မာသတင်းစာများတွင်လည်း ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ အနယ်နယ်အရပ်ရပ် မှ ပေးပို့သော သတင်းများကို နေ့စဉ်နှင့်အမျှ ဖော်ပြ တင်ဆက်နိုင်ခဲ့ခြင်းကြောင့် သတင်းကွန်ရက်အားကောင်း သည့် ပြည်သူ့သတင်းဝန်ဆောင်မှုဌာနအဖြစ် ငွားငွား စွင့်စွင့် ရပ်တည်လျက်ရှိနေပါသည်။

စာပေလောကအတွက် တာဝန်ကျေ

စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တစ် ထောင့်တစ်နေရာမှ အားဖြည့်ပေးလျက်ရှိသည့် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြန်မာနိုင်ငံ လူဦးရေ ၏ ၇၀ ရာခိုင်နှုန်းဖြစ်သည့် ကျေးလက်ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရေးအတွက် ဒို့ကျေးရွာ ဂျာနယ်ကို တစ်ကြိမ်လျှင် စောင်ရေသုံးသောင်းခွဲခန့်ဖြင့် တစ်လလျှင် နှစ်ကြိမ် စီစဉ်ထုတ်ဝေလျက်ရှိသည်။

ထို့ပြင် သုတေသနစာတမ်းများပြုစုခြင်း၊ မြန်မာ့ အရေး၊ တိုင်းရင်းသားအရေးနှင့် ကမ္ဘာ့အရေးများကို လေ့လာပြုစု သုံးသပ်ရေးသားလျက်ရှိရာ မြန်မာ့ရေးရာ ဂျာနယ်ကို သုံးလတစ်ကြိမ်၊ တိုင်းရင်းသားရေးရာ ဂျာနယ် ကို လေးလတစ်ကြိမ်နှင့် ကမ္ဘာ့ရေးရာဂျာနယ်ကို နှစ်လ တစ်ကြိမ် ထုတ်ဝေဖြန့်ချိ နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း မှာပင် ကျွမ်းကျင်ပညာရှင်များ ဖြင့် သုတေသနစာတမ်း ဖတ်ပွဲနှင့် ဆွေးနွေးပွဲပေါင်း ၂၁ ကြိမ်တိတိ ကျင်းပနိုင်ခဲ့ ကြောင်း ဦးစီးဌာန၏ နှစ်ပတ်လည် အစီရင်ခံစာမှ လေ့လာမှတ်သားရသည်။

မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေနှင့်အညီ လုပ်ငန်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ယခုအခါ ပုံနှိပ်ခြင်းလုပ်ငန်း ခွင့်ပြုမှု ၁၆၁၆ ဦး၊ သတင်းစာ ၄၇ စောင်၊ ဂျာနယ် ၅၇၇ စောင်၊ မဂ္ဂဇင်း ၄၈၉ စောင်၊ အထွေထွေထုတ်ဝေခွင့် ၁၆၁၈ ဦး၊ သတင်းအေဂျင်စီ ၂၇၂ ခုတို့အား လုပ်ငန်း အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါ သည်။

နိုင်ငံ၏ နေ့ထူးနေ့မြတ်များနှင့် အထိမ်းအမှတ်နေ့ များတွင်လည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ကမ်းစာစောင်များကို အများပြည်သူ များအတွက် ဖြန့်ဝေပေးလျက်ရှိသည့် အစဉ်အလာနှင့် အညီ ၂၀၁၉ ခုနှစ်အတွင်း လွတ်လပ်ရေးနေ့၊ ပြည်ထောင်စု နေ့၊ တပ်မတော်နေ့၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၊ အမျိုးသားအောင်ပွဲနေ့များတွင် တစ်ကြိမ်လျှင် လက်ကမ်းစာစောင် နှစ်သိန်းစီ ရိုက်နှိပ် ဖြန့်ဝေနိုင် ခဲ့သည်ဟု သိရှိရပြီး အာဇာနည်နေ့အထိမ်း အမှတ် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အကြောင်း နှင့် သမိုင်းဝင်ဖြစ်ရပ်ကို နှောင်းလူတို့ သတိပြုအောက်မေ့ ဆင်ခြင်ဖွယ် အထိမ်းအမှတ် လက်ကမ်းစာစောင် ငါးသောင်း ကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

လှုပ်ရှားလာသော ရုပ်ရှင်အနုပညာရပ်ဝန်း

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာ (Film Development Center) ကိုလည်း ရုပ်ရှင်လောကသားများ စုဝေးရာ နေရာ ရုပ်ရှင်အနုပညာရပ်ဝန်းတစ်ခုအဖြစ် ပြန်လည် အသက်သွင်းနိုင်ခဲ့သည်ကို တွေ့မြင်ရသည်။ ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ဖွင့်လှစ်ခဲ့သည့် ယင်းစင်တာသည် ရုပ်ရှင် လောကသားများ အားလုံးနှင့် အကျုံးဝင်သက်ဆိုင်မှု ရှိလာပြီး ကျွမ်းကျင်ပညာရှင်များ၏ ဆွေးနွေးခြင်းအစီ အစဉ်များ၊ ရုပ်ရှင်ဇာတ်ညွှန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရုပ်ရှင် ဇာတ်ကားများအား ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း အစီအစဉ်များအပြင် ရုပ်ရှင်နှင့်ပတ်သက်သည့် သင်တန်း များ ဖွင့်လှစ်သင်ကြားခြင်းများစသည့် အထွေထွေလှုပ်ရှား မှုပေါင်း ၄၂ ခုအထိ ကျင်းပဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်းမှာပင် ရုပ်ရှင်ရိုက်ကူးနိုင်ရန် ပြင်ဆင်ပေး ထားသည့် စတူဒီယိုများတွင်လည်း အကြိမ်ပေါင်း ၁၅၀ ခန့် ငှားရမ်းရိုက်ကူးလာသောကြောင့် ရုပ်ရှင်လောက သားများဖြင့် သက်ဝင်လှုပ်ရှားလာခဲ့ပြီဖြစ်သည်။

ပြည်သူ့အတွက် ခရီးဆက်

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံး ၁၅ ရုံးအပြင် ခရိုင်၊ မြို့နယ် အဆင့်အထိ ရုံးခွဲပေါင်း ၄၃၄ ရုံးရှိရာ အဆောက် အဦများ အားလုံးကို အဆင့်မမြှင့်နိုင်သေးသော်လည်း Community Center များအဖြစ် လုပ်နိုင်သမျှ၊ ဖြစ် နိုင်သမျှ၊ တတ်စွမ်းသမျှဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြသည်မှာလည်း ဒေသအသီးသီးရှိ ပြည်သူများအသိပင် ဖြစ်ပါသည်။ လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ် သံတွဲမြို့၌လည်း ဗဟန်းမြို့နယ် လူထုအခြေပြု ဗဟိုဌာနကဲ့သို့ လူထု အခြေပြုဗဟိုဌာန အဆောက်အဦတည်ဆောက်ကာ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများအတွက် ဝန်ဆောင် မှုပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ကိုလည်း သိရှိရသည်။

ချမ်းချမ်းစီးစီးနှင့် နှင်းမှုန်များအကြားက ပြည်သူ များ ထံအရောက် ခြေဆန့်ရန်ပြင်နေသည့် ရွေ့လျား စာကြည့်တိုက်ယာဉ်လေးများနှင့် ဟားခါးခရိုင် ပြန်/ဆက်ရုံး၊ ငွေတောင်ပြည်၏ လွမ်းမောဖွယ် လေနုအေးနှင့် အတူ လှုပ်ရှားတက်ကြွနေသည့် ဒီးမော့ဆိုခရိုင်ရုံး၊ လူငယ်များအတွက် သင်တန်းကျောင်းများကဲ့သို့ပင် အားထားရသည့် ပျဉ်းမနားခရိုင် ပြန်/ဆက်ရုံး အစရှိသည့် မြို့နယ်၊ ခရိုင် အသီးသီးရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံးများ အားလုံးမှသည် အလွန်ခံ့ညား ထည်ဝါစွာ ပေါ်ထွက်လာတော့မည့် ဗဟန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) အပါ အဝင် ပြည်သူလူထု အသုံးပြုရန်၊ ရပ်ရွာအတွက် အသုံးဝင် သည့် မရှိမဖြစ် လိုအပ်သည့်နေရာများအဖြစ် ပေါ်ထွန်း လာစေရန် စနစ်တကျဖော်ဆောင်လျက်ရှိသလို ပြည်သူ များကလည်း ပူးပေါင်းပါဝင် အားဖြည့်ကြမည်ဆိုပါက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၂၉) နှစ်ပြည့်မြောက်မှုမှ သည် နောင်နှစ်ပေါင်းများစွာထိတိုင် ပြည်သူ့အတွက် အောင်မြင်စွာ ခရီးဆက်နိုင်မည်ဟု ယုံကြည်မိပါတော့သည်။ ။

မြန်မာ့အလင်း