ရန်ကုန် ၄ ဖေဖော်ဝါရီ

 

ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းတွင် ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ကျင်းပလျက်ရှိသည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(၂၀၂၀) ပွဲတော်ကြီး တတိယမြောက်နေ့တွင် ပွဲတော်သို့ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

 

ပွဲတော်ကာလအတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ နှင့် ‘ဝ’၊ ကိုးကန့်၊ တအာင်း၊ ပအိုဝ်း၊ နာဂ၊ ဓနု စသည့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြခန်းများကို တစ်နေရာတည်းတွင် တစုတစည်းတည်း ပြသထားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

 

mdn

 

ရခိုင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်း

 

ရခိုင်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြခန်းတွင် ရခိုင်လူမျိုးတို့၏ သမိုင်းကြောင်း၊ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများ၊ စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို စုံလင်အောင် ပြသထားသည်။

 

ရခိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံကို ပြသသည့် ပြကွက်

 

ရခိုင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်း အဝင်ဝ ဘေးတစ်ဖက်တစ်ချက်စီတွင် ဝေသာလီခေတ် ဆီမီးခွက်ဖြင့် မဟာမုနိ ဆင်းတုတော်အား ပူဇော်နေဟန် ရုပ်တုနှစ်ခု ခြံရံလျက် မြတ်စွာဘုရားအား ပူဇော်မည့် ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာသွေးရန် ကျောက်ပျဉ်တို့ဖြင့် ပြင်ဆင်ထားသည်ကို ကြည်ညိုစွာ ဖူးမြင်ရမည်ဖြစ်သည်။

 

''ဒီပြကွက်က ရခိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံကို ပြတဲ့ အဓိကပြကွက်ဖြစ်ပါတယ်။ ဒါ ရခိုင်ရိုးရာ သင်္ကနြ်ပွဲတော်ရဲ့ နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပာယ်တာကို သရုပ်ဖော်တဲ့ဓလေ့ ဖြစ်ပါတယ်'' ဟု ပြခန်းကျင်းပရေးတာဝန်ခံ ဒေါက်တာ နုမြဇံက ပြောသည်။

 

ရခိုင့် အာဇာနည် ဆရာတော် အသျှင်ဦးဥတ္တမ

 

ထိုပြခန်းအဝင်ဝတွင်ပင် မြန်မာ့လွတ်လပ်ရေး၏ မီးရှူးတန်ဆောင် အာရှတိုက်အတွင်းရှိ အင်္ဂလိပ်လက်အောက် ကျရောက်နေသည့် အခြားနိုင်ငံများ၏ လွတ်လပ်ရေး အတွက်ပါ ပထမဆုံး ဦးဆောင်လမ်းပြပေးခဲ့သည့် အာရှ နေဝန်း ရခိုင့်အာဇာနည် ဆရာတော် အသျှင်ဦးဥတ္တမ ရုပ်တုကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။

 

ထို့ပြင် မြန်မာများလေးစားရသည့် စာဆိုကြီး သခင်ကိုယ်တော်မှိုင်းက ရခိုင့်အာဇာနည် ရဟန်းတစ်ပါးဖြစ်သည့် ဆရာတော်ဦးဥတ္တမအတွက် လေးလေးစားစား ဂုဏ်ပြုစပ်ဆိုထားသည့် ကဗျာကိုလည်း ဆရာတော် အသျှင် ဦးဥတ္တမ ရုပ်တု၏နောက်ဘက်တွင် ဆရာတော်၏ အတ္ထုပ္ပတ္တိ အကျဉ်းနှင့်အတူ ဖတ်ရှုလေ့လာနိုင်မည် ဖြစ်သည်။

 

ရခိုင်ပြည် ခေတ်လေးခေတ်

မင်းနေမြို့တော်ဟောင်းများပြမြေပုံ

 

ရခိုင်ပြည်နယ်သမိုင်းနှင့် ပတ်သက်၍ ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ် ဟူသည့် ခေတ်လေးခေတ်တွင် တည်ရှိခဲ့သည့် ရှေးခေတ်မင်းနေမြို့တော်ဟောင်းများ၊ ဆက်စပ်နေသည့် ကျောက်ချပ်များနှင့် ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမီ၊ သက်၊ မရမာကြီး၊ ကမန် အစရှိသည့် ရခိုင်ပြည်နယ်၊ ရခိုင်မျိုးနွယ်စု တိုင်းရင်းသားများကို မှတ်တမ်းပြုစုထားသည့် ရခိုင်ပြည် ခေတ်လေးခေတ် မင်းနေမြို့တော်ဟောင်းမြေပုံမှာလည်း စိတ်ဝင်စားဖွယ် ကောင်းလှသည်။

 

ပြခန်းကျင်းပရေးတာဝန်ခံ ဒေါက်တာနုမြဇံက ''ရခိုင် ပြည်နယ်မြေပုံပေါ်မှာ ရှေးတုန်းက မင်းနေမြို့တော်ဟောင်းတွေ ဓညဝတီခေတ်ရဲ့ မြို့တော်ဟောင်းဆို ဓညဝတီ မြို့တော်၊ ဝေသာလီခေတ်ရဲ့ မြို့တော်ဟောင်းဆို ဝေသာလီမြို့တော်၊ လေးမြို့ခေတ်ကတော့ မြို့တော်လေးမြို့ဖြစ်တဲ့ ပဉ္စာ၊ ပုရိန်၊ နေရဉ္စရာတောင်ငူ၊ လောင်းကြက် စတဲ့ လေးမြို့မြစ်တစ်ဝန်းမှာ ထင်ရှားကျော်ကြားခဲ့တဲ့ မြို့လေးမြို့ ရှိပါတယ်။ မြောက်ဦးဆိုရင်လည်း အခု ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းတဲ့အထဲမှာ ပါဝင်တဲ့ ရှေးဟောင်းမြို့တော် ဖြစ်တယ်။ ဒါကြောင့် ဒီပြကွက်က ရခိုင်ပြည်နယ်မှာ သမိုင်းစဉ်ဆက် ထွန်းကားခဲ့တဲ့ ခေတ်လေးခေတ်ရဲ့ မင်းနေမြို့တော်ဟောင်းများကို ပြသထားတာဖြစ်ပါတယ်'' ဟု ပြောသည်။

 

ရှေးခေတ် ရခိုင်ပြည်သုံး အက္ခရာများ

 

မင်းနေပြည်တော်မြို့ဟောင်းများ ပြကွက်အပြီးတွင် ရှေးရခိုင်တိုင်းရင်းသားတို့ ရေးသားခဲ့သည့် အက္ခရာများကို ခေတ်လေးခေတ် ကျောက်စာချပ်များဖြင့် ပြသထားရာ အက္ခရာအရေးအသားများ အဆင့်ဆင့် ပြောင်းလဲလာပုံကို လေ့လာခွင့်ရမည့်အပြင် ဓညဝတီခေတ်-ဗြဟ္မီအက္ခရာ၊ ဝေသာလီခေတ်-ဒေဝနာဂရီအက္ခရာ၊ လေးမြို့ခေတ်- ရက္ခဝဏ္ဏအက္ခရာ၊ မြောက်ဦးခေတ်-ယနေ့သုံးအက္ခရာ စသဖြင့် ခေတ်အလိုက် ရေးသားခဲ့သည့် အက္ခရာများ၏ အခေါ်အဝေါ်ကိုပါ တစ်ဆက်တည်း ရှင်းလင်းပြသထားရာ ရှေးယခင်ကတည်းက ရခိုင်တိုင်းရင်းသားတို့၏ စာပေယဉ်ကျေးမှု အဆင့်အတန်း မြင့်မားမှုကို ဗဟုသုတဖြစ်ဖွယ် မြင်တွေ့လေ့လာခွင့်ရမည်ဖြစ်သည်။

 

ထို့ပြင် စာပေကဏ္ဍ စိတ်ဝင်စားသူများအနေဖြင့် ကမ္ဘာ့မှတ်တမ်းများအမွေအနှစ်ဝင် အာနန္ဒကျောက်စာကိုလည်း ပြန်ဆိုရေးသားသူများနှင့် ယှဉ်တွဲကာ လေ့လာခွင့်ရမည် ဖြစ်သည်။

 

(အေဒီ ၂ ရာစု- ၃ ရာစု )မှ (အေဒီ ၁၇၈၄ ထိ ) ရခိုင်ပြည်သုံး ဒင်္ဂါးများ

 

အေဒီ(၂- ၃ ရာစု )ရခိုင်ပြည်နယ်သုံး ဒင်္ဂါးများ၊ ရခိုင် ဝေသာလီခေတ်(အေဒီ ၂၉ဝမှ အေဒီ ၆၄၉)သုံး ဒင်္ဂါးများ၊ မြောက်ဦးခေတ်(အေဒီ ၁၄၃၀ မှ ၁၇၈၄) သုံး ဒင်္ဂါးများကို ထိုစဉ်က နန်းတက်ခဲ့သည့် မင်းအမည်၊ ခုနှစ်သက္ကရာဇ် တို့ဖြင့် တိတိကျကျ ဖော်ပြထားသည့် ဓာတ်ပုံဗီနိုင်းကိုလည်း စိတ်ဝင်စားဖွယ်ပင်။

 

''ဝေသာလီခေတ် အေဒီ ၂ ရာစု၊ ၃ ရာစုကနေ အေဒီ ၁၇၈၄ ဆိုတာ ဝေသာလီခေတ်နဲ့ မြောက်ဦးခေတ် နှစ်ခေတ်ကို ဆိုလိုတာဖြစ်ပါတယ်။ ဝေသာလီခေတ်ဆိုရင် အေဒီ ၂၉၀ ကနေ ၆၉၃ ဒင်္ဂါး၊ အဲဒီလို ဘာလို့တိတိကျကျ ပြောနိုင်သလဲဆိုရင် ဒင်္ဂါးတွေမှာ ရှင်ဘုရင်ရဲ့ နာမည်ဘွဲ့ တံဆိပ်ရယ်၊ နန်းစံတဲ့ ခုနှစ်ရယ်ကို ရေးထိုးခဲ့လို့ပဲဖြစ်ပါ တယ်'' ဟု ဒေါက်တာနုမြဇံက ပြောသည်။

 

ဆက်လက်၍ ''ရခိုင်ဘုရင်တွေဟာ နန်းတက်ပြီဆိုရင် ဒင်္ဂါးသွန်းလုပ်ကြတဲ့ အစဉ်အလာရှိပါတယ်။ သူတို့ရဲ့ မင်းအမည်နဲ့ ဘယ်နှစ်မှာ နန်းတက်တယ်ဆိုတာ မှတ်တမ်းပေါ့။ အဲဒါကိုယူပြီး မဟာမုနိဘုရားကိုသွား၍ အဲဒီဒင်္ဂါးတွေကို ရှေ့မှာရှိတဲ့ ဝသုန္ဒြေတွင်းလို့ခေါ်တဲ့ တွင်းထဲမှာ ထည့်ပြီးတော့မှ အလှူရေစက်ချရပါတယ်။ ဒါကြောင့် မဟာမုနိ ကုန်းတော်ပေါ်ကနေ ရှေးဟောင်းသုတေသနက တူးဖော်တဲ့အခါ ခေတ်ပေါင်းစုံက ဒင်္ဂါးတွေ အများကြီးတွေ့ရ တယ်။ ဒါဟာ ကျွန်မတို့ ရခိုင်သမိုင်းရဲ့ ခိုင်မာတဲ့ သက်သေလည်း ဖြစ်တယ်။ နန်းစံတဲ့ မင်းအမည်ရော၊ အဲဒီမင်း နန်းတက်တဲ့ ခုနှစ်ရော သိရှိရတဲ့အတွက် အလွန်တရာကောင်းတဲ့ စာပေသမိုင်းကြောင်း အထောက်အထား တွေပဲဖြစ်ပါတယ်'' ဟု ပြခန်းကျင်းပရေးတာဝန်ခံ ဒေါက်တာ နုမြဇံက ရှင်းပြသည်။

 

ရခိုင်ရိုးရာ အဝတ်အထည်များပြခန်း

 

ရက်ကန်းပညာတွင် ထင်ရှားကျော်ကြားလှသည့် ရခိုင်တိုင်းရင်းသားတို့ ရက်လုပ်ထားသည့် အမျိုးသားဝတ်၊ အမျိုးသမီးဝတ် ရခိုင်ရိုးရာအဝတ်အထည်များကိုလည်း ဒီဇိုင်းအဆင်စုံ၊ အရောင်အသွေး စုံလင်စွာ မြင်ရသည်မှာ စွဲမက်ဖွယ်ရာပင်။

 

''နာမည်လေးတွေအမျိုးမျိုးနဲ့ ဒီဇိုင်းအဆင်လေးတွေကို ခွဲခြားပြီး ရက်လုပ်ထားတာကို တွေ့နိုင်ပါတယ်။ ဘဲလေး ချိတ်၊ မောင်ချစ်မယ်ချစ်၊ ရွှေတစ်ဆုပ်တို့ စသည်အားဖြင့် သူ့ရဲ့ ရက်လုပ်တဲ့ ဒီဇိုင်းပေါ်မှာမူတည်ပြီး နာမည်ပေးလေ့ရှိ ပါတယ်။ ဒါကြောင့် အမျိုးသားဝတ် လုံချည်မှာဖြစ်စေ၊ အမျိုးသမီးဝတ် လုံချည်မှာဖြစ်စေ သူ့ရဲ့ ဒီဇိုင်းအဆင် လေးတွေကို အမျိုးမျိုးနာမည်ပေးပြီးတော့မှ၊ အဲဒါကို တန်ဖိုး ထားပြီးတော့မှ ဒီနေ့အထိ အမျိုးမျိုး ရက်လုပ်တီထွင် ဆန်းသစ်လျက်ရှိကြပါတယ်'' ဟု ဒေါက်တာနုမြဇံက ပြောသည်။

 

အေးချမ်းပါစေ မြောက်ဦးမြေ

 

ရခိုင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ပြခန်းအလယ်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုများရှိသည့် မြောက်ဦးဒေသအတွင်းရှိ သမိုင်းဝင် နေရာများ၊ ရှေးခေတ်ယဉ်ကျေးမှုလက်ရာများ၊ ဘုရား ပုထိုးများ၊ ဂူများ၊ မြို့ရိုးများကို ဓာတ်ပုံမှတ်တမ်းများဖြင့် စနစ်တကျ စုစည်းပြသထားသည့် ရခိုင်ဘာသာ စကားဖြင့် ''အီးချမ်းပါဇီ မြောက်ဦးမြီ'' ပြခန်းကို တွေ့မြင်ရမည် ဖြစ်သည်။

 

''ကမ္ဘာ့အမွေအနှစ်တင်တာက ရှေးဟောင်းခတ်မှာ ထင်ရှားကျော်ကြားခဲ့တဲ့ အမွေအနှစ်တင်မကဘူး၊ မျက်မှောက်ခေတ်မှာ သဘာဝနဲ့ ယှဉ်တွဲပြီးရှိနေသေးတဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေကိုရေးရပါတယ်။ လက်ရှိ ရှိနေတဲ့ ရေကို အသုံးပြုပြီးတော့ ဖားရှာ ငါးရှာ ပြည်သူတွေ သာမန် လုပ်ကိုင်စားသောက်နေတာတွေ၊ လယ်ထွန်စားသောက်တာတွေ၊ ဒါလေးတွေလည်း ပေါ်အောင်ရေးရပါတယ်။ ဆိုလို တာက ဒီသဘာဝအမွေအနှစ်ကြောင့် ပြည်သူတွေရဲ့ စားဝတ်နေရေး ပျက်ပြားမသွားဘဲနဲ့ သဘာဝအတိုင်း လုပ်ကိုင်စားသောက်လို့ရနေတယ်ဆိုတာ ပေါ်လွင်အောင် ရေးရတာ ဖြစ်ပါ တယ်'' ဟု ဒေါက်တာနုမြဇံက ပြောသည်။

 

ရခိုင်ဒေသ၏ ထူးထွေဆန်းပြား

သဘာဝအလှ ရတနာများ

 

ရခိုင်ဒေသ၏ ထူးထွေဆန်းပြား သဘာဝအလှ ရတနာများ ပြသမှုတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကမ်းခြေတစ်လျှောက်တွင် သဘာဝအတိုင်းတွေ့ရသည့် ကျောက်စရစ်ခဲဖြူဖြူလေးများ၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ ထွက်ရှိသည့် နေပူတောင်မှ ခဲနုရောင်၊ ခဲရင့်ရောင်၊ ချောကလက်အညိုရောင် စသဖြင့် အရောင် သုံးမျိုးရှိသည့် မာဘယ်ကျောက်များ၊ ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ကမ္ဘာကျော် ငပလီကမ်းခြေတစ်လျှောက်တွင် တွေ့ရသည့် လှပသော အဖြူရောင်သဲများ၊ မာန်အောင်ကျွန်းရှိ မြေနီတောင်ဟု ထင်ရှားသော ကျောက်တောင်မှထွက်သည့် မြေနီတောင် ကျောက်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေမှ စတင်ကာ ဘူးသီးတောင်-မောင်းတော တစ်လျှောက် ကမ်းခြေများတွင် တွေ့ရသည့် အဖိုးတန် ဒြပ်စင် ၁၇ မျိုးပေါင်းစပ်ပါဝင်သည့် အနက်ရောင်သဲမြေများကို လက်တွေ့ ကြည့်ရှုလေ့လာနိုင်ရန် ပြသထားသည်။

 

ရခိုင်ရိုးရာ အဝတ်အထည်ပြခန်းအနီးတွင် လှပသော ဒေသထွက် ခရုခွံလေးများဖြင့် တန်ဆာဆင်ထားသည့် သံတွဲမြို့၏ အထင်ကရ ကမ်းခြေတစ်ခုဖြစ်သည့် ငပလီကမ်းခြေ။ ထို့နောက် ရိုးရာရက်ကန်းစင်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ အထင်ကရ ဘုရားပုထိုးပုံစံငယ်လေးများ၊ အထင် ကရနေရာများ၊ ရှုမျှော်ခင်းများ၊ ရခိုင်တိုင်းရင်းသားတို့၏ အထိမ်းအမှတ် အရုပ်များကို ပြခန်းသို့ လာရောက်ကြည့်ရှုသူများ အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် ဖန်တီးပေးထားပြန်သည်။

 

''အခုလို သွေးချင်းပွဲတော်မှာ တိုင်းရင်းသားတွေ အားလုံးလည်း ကိုယ့်ရဲ့ ယဉ်ကျေးမှုတွေ ခင်းကျင်းကြသလို ကျွန်မတို့ ရခိုင်ကလည်း သမိုင်းကြောင်းတွေ၊ စာပေတွေ၊ ဝတ်စားဆင်ယင်ပုံတွေ၊ ယဉ်ကျေးမှု အမွေအနှစ်တွေကို တစုတစည်းတည်း ပြသထားတဲ့အတွက် လာရောက်ပြီး လေ့လာကြပါ။ အများကြီး ဗဟုသုတရမှာပါလို့ ဖိတ်ခေါ်လိုက်ပါတယ်'' ဟု ပြခန်းကျင်းပရေးတာဝန်ခံ ဒေါက်တာ နုမြဇံက ပြောသည်။

 

ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုပြခန်း

 

ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ပြခန်း မျက်နှာစာရှေ့တွင် ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာနွား လှည်းယဉ်လေးဖြင့် ပြင်ဆင်ထားရာ အမှတ်တရ ဓာတ်ပုံရိုက်ကူးသူတို့ဖြင့် စည်ကားနေသည့်အပြင် ပြခန်းအတွင်း ဝင်လိုက်သည်နှင့် ရှမ်းပြည်နယ်၏ သင်္ကတေ ချယ်ရီပင် ကိုလည်း လှပစွာစိုက်ပျိုးပြသထားသည်မှာ မျက်စိပသာဒ ရှိလှသည်။

 

''နွားလှည်းလေးက ရှမ်းပြည်မှာ ဘုရားပွဲတွေ သွားရင် သုံးတယ်။ တစ်ရွာနဲ့ တစ်ရွာကူးတာတို့၊ တောင်ယာသွားတာ တို့ဆိုလည်း လှည်းယဉ်ကို သုံးကြတယ်။ တောင်ပေါ်ဒေသက သူတွေအတွက် အသုံးဝင်တဲ့လှည်းယဉ်ပေါ့။ ဒါကြောင့် အဝင်ဝမှာ ပြသထားတာပါ'' ဟု ရှမ်းတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ဒေါ်ခင်တင့်က ပြောသည်။

 

ပြခန်းအတွင်းရှမ်းရိုးရာအိမ်လေးနှင့်အတူ ရှမ်းရိုးရာ တူရိယာ ပစ္စည်းများဖြစ်သည့် ပလွေ၊ ရှမ်းအိုးစည်၊ ဗုံရှည်၊ လင်းကွင်း စသည်တို့ကို ပြခန်းငယ်လေးများဖြင့် ဆောက်လုပ်ပြသထားသည်ကို တွေ့ရမည်ဖြစ်သည့်အပြင် ဒေသထွက် သီးနှံများအား လှပစွာဒီဇိုင်းများဖော်၍ စိတ်ဝင်စားဖွယ် ဖြစ်အောင် ခင်းကျင်းပြသထားသည်ကိုလည်း မြင်တွေ့ရသည်။

 

ပြခန်းအတွင်း ရှမ်းရိုးရာ ခေါင်းပေါင်း၊ လွယ်အိတ်၊ အဝတ်အထည်များ၊ အသုံးအဆောင်များ၊ အစားအစာများ၊ တိုင်းရင်းဆေးဝါးများ၊ လက်မှုအနုပညာ ပစ္စည်းများ၊ ဒေသထွက်ကုန်များကို ဆိုင်ခန်းငယ်များ ဆောက်လုပ်ကာ ခင်းကျင်းပြသထားသည်။

 

''လာရောက်လည်ပတ်သူတွေအားလုံးလည်း ရှမ်းတိုင်းရင်းသား ပြခန်းကို လာရောက်ပြီး လေ့လာကြပါ။ လာတဲ့သူတွေအားလုံးကို နွေးထွေးစွာကြိုဆိုနေပါတယ်။ ရိုးရာဝတ်စုံလေးတွေကိုလည်း အားပေးကြပါလို့ပြောချင်ပါတယ်" ဟု ရှမ်းတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ဒေါ်ခင်တင့်က ပြောသည်။

 

စုစည်းတင်ပြသူ-သီသီမင်း

ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)