ကိုယ်ဝန်ဆောင်တာက အမျိုးသမီးတွေရဲ့ ဘဝတစ်လျှောက်မှာ စွန့်စားရတဲ့ကာလတစ်ခုပါ။ ဒီကာလမှာ အစစအရာရာကို ဂရုစိုက်ရပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ကလေးရော၊မိခင်ပါကျန်းမာစေဖို့ဆိုရင် လိုက်နာရမယ့် အချက်လေးတွေ ရှိနေပါတယ်။ဒီအချက်တွေက အရမ်းမခက်ခဲသလို အရမ်းကြီး လွယ်လှတယ်တော့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် မိခင်ရော ရင်သွေးလေးပါကျန်းမာချင်တယ်ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။

 

ကိုယ်ဝန်ဆောင်မေမေတွေ သတိထားရမယ့်အချက်လေးတွေက

 

ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ဒါတွေမစားပါနဲ့

 

သင်ဟာကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဖြစ်မယ်ဆိုရင်တော့ –

 

          အသားစိမ်းတွေ

 

          ကမာ၊ခရုတို့လိုမျိုး အခွံမာရေသတ္တဝါတွေ

 

          မကျက်တကျက်ချက်ထားတဲ့အသားတွေ

 

          မာကျူရီပါဝင်မှုများနေတဲ့ ပင်လယ်ငါးတွေ

          ပင်လယ်စာအကင်တွေ

 

          ကြက်ဥ၊ဘဲဥ၊ ငုံးဥ အစိမ်းတွေ

 

          ပိုးသတ်သန့်စင်ထားတာမျိုးမရှိတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ

 

ဆေးမသုတ်ပါနဲ့

 

ကိုယ်ဝန်ဆောင်မေမေအနေနဲ့မွေးလာမယ့်ရင်သွေးလေးအတွက် အကုန်လုံးကို ကိုယ့်လက်နဲ့ပဲ လုပ်ပေးချင်တာ သိပေမယ့် အိမ်သုတ်ဆေးတွေက ဗိုက်ထဲက ကလေးလေးကို ထိခိုက်စေနိုင်တာကြောင့် အိမ်သုတ်ဆေးတွေနဲ့ ကိုင်တွယ်ထိတွေ့တာမျိုးမလုပ်ပါနဲ့။

 

ကဖင်းတွေ အလွန်အကျွံမသောက်သုံးပါနဲ့

 

ကဖင်းဓါတ်က ဆီးခဏခဏသွားစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့နေ့တိုင်း ကျောဖီသောက်မယ်ဆိုရင် သွေးတိုးတာ၊ နှလုံးခုန်မြန်တာ၊ ခဏခဏ ဆီးသွားရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ချက်ကြိုးကနေတစ်ဆင့် ကလေးဆီကိုရောက်သွားမယ်ဆိုရင်လည်း ကလေး အတွက် မသင့်တော်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာကော်ဖီ။ လက်ဖက်ရည်နဲ့ အခြားသော ကဖင်းဓါတ်ပါတဲ့ သောက်စရာတွေ၊ စားစရာတွေကိုရှောင်ပါ။

 

ဆေးတွေမသောက်ပါနဲ့

အချို့သောဆေးတွေက ကြီးထွားနေတဲ့ သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးသောက်မယ်ဆိုရင် တတ်သိနားလည်တဲ့သူတွေနဲ့ သေချာတိုင်ပင်ပါ။ ကိုယ့်သဘောနဲ့ကိုယ်ဆေးတွေကို မသောက်ပါနဲ့။

 

ဖိနပ်မြင့်မြင့်တွေ မစီးပါနဲ့

 

ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဖိနပ်မြင့်မြင့်တွေက လုံးဝမသင့်တော်ပါဘူး။ မတော်တဆ ချော်လဲနိုင်ခြေ ပိုစေနိုင်တာကြောင့် ဒေါက်မြင့်ဖိနပ်လေးတွေကြိုက်တယ်ဆိုရင်တောင်မှာ ကိုယ်ဝန်ဆောင်ချိန်မှာ မစီးပါနဲ့။ ဖိနပ်ပါးပါးပဲ သက်တောင့်သက်သာစီးပေးပါ။

 

ရေနွေးနဲ့ရေမချိုးပါနဲ့

 

ကိုယ်ဝန်ဆောင်နေချိန်မှာ အဆစ်အမြစ်တွေ နာကျင်နေနိုင်ပေမယ့် ရေနွေးနဲ့ရေမချိုးဖို့ပြောပါရစေ။ ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ ရေနွေးနဲ့ရေချိုးတာက ခန္ဓါကိုယ်အပူချိန်ကို တိုးစေပြီး ကလေးမှာ မွေးရာပါ ချို့ယွင်းချက်ပါလာနိုင်ပါတယ်။ ရေနွေးစိမ်ပြီးရေမချိုးပါနဲ့။

 

အမှိုက်မသွန်ပါနဲ့

 

အမှိုက်ပုံးထဲမှာ စွန့်ပစ်ပစ္စည်းတွေက အမျိုးမျိုးပါဝင်နေနိုင်တာကြောင့် ကိုယ်ဝန်ဆောင် မေမေတွေ အနေနဲ့ အမှိုက်ပုံးသွန်တာ၊ အမှိုက်တွေသိမ်းတာမျိုးမလုပ်ပါနဲ့။

 

တစ်ဆင့်ခံဆေးလိပ်ငွေ့ရှောင်ပါ

 

ဆေးလိပ်သောက်တာကရော တဆင့်ခံဆေးလိပ်ငွေ့ကပါ ကလေးကို ထိခိုက်စေနိုင်ပါတယ်။ တဆင့်ခံ ဆေးလိပ်ငွေ့မှာဆိုရင် ဓါတုပစ္စည်းပေါင်း ၄၀ဝ၀ ကျော် ပါဝင်နေပြီး ဒီပစ္စည်းတွေက ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တာကြောင့်မေမေတို့အနေနဲ့ တဆင့်ခံဆေးလိပ်ငွေ့ကို ရှောင်ဖို့လိုပါမယ်။ တဆင့်ခံဆေးလိပ်ငွေ့ကြောင့် ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲ ကလေးမွေးဖွားတာ၊ ပေါင်မပြည့်တဲ့ ကလေးမွေးဖွားတာ၊ ကလေးရဲ့ သင်ယူမှုပိုင်းမှာ အားနည်းချက်ရှိတာ၊မွေးကင်းစအရွယ်မှာ ရုတ်တရက် သေဆုံးတာမျိုးတွေဖြစ်နိုင်ပါတယ်။

 

အရက်မသောက်ပါနဲ့

 

ကိုယ်ဝန်ဆောင်နေချိန်မှာ ဝိုင်၊ဘီယာအပါအဝင် အယ်လ်ကိုဟောပါဝင်နေတဲ့သောက်စရာတွေကို မသောက်ပါနဲ့။ အယ်လ်ကိုဟောကသွေးကြောတွေထကြို အလျင်အမြန်စီးဆင်းသွားပြီး ချက်ကြိုးကနေ တစ်ဆင့် သန္ဓေသားဆီ ရောက်ရှိသွားနိုင်ပါတယ်။ အယ်လ်ကိုက သန္ဓေသားရဲ့ ဦးနှောက်နဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ဖွံ့ဖြိုးမှုကို ထိခိုက် စေနိုင်ပါတယ်။

 

အကြာကြီးမထိုင်ပါနဲ့၊ အကြာကြီးမတ်တတ်မရပ်ပါနဲ့

 

ကိုယ်ဝန်ဆောင်နေချိန်မှာ အကြာကြီးထိုင်နေတာ၊ အကြာကြီးရပ်နေတာနဲ့ ကိုယ်ဟန် အနေအထားတစ်ခုမှာ အကြာကြီးနေနေတာမျိုးရှောင်ပါ။ ဒီလိုလုပ်တာက ခြေချင်းဝတ်တွေ ရောင်ရမ်းတာနဲ့ သွေးပြန်ကြောတွေကို ထိခိုက်စေနိုင်ပါတယ်။

 

အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ မထိတွေ့ပါနဲ့

 

အိမ်သန့်ရှင်းရေးသုံး ပစ္စည်းတွေက ဓါတုပစ္စည်းတွေ ပါဝင်နေတာကြောင် ကိုယ်ဝန်ဆောင်တွေအတွက် အန္တရာယ်ရှိနေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ ကြွေချေးချွတ်ဆေး၊ ရေအိမ်သန့်စင်ဆေးရည်နဲ့ အခြားသော ဓါတုပစ္စည်းတွေပါဝင်နေတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ မထိတွေ့ပါနဲ့။

 

ဆံပင်အရောင်မဆိုးပါနဲ့

 

ဆံပင်ဆိုးဆေးမှာပါတဲ့ ဓါတုပစ္စည်းတွေက အန္တရာယ်ရှိတာကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်တိုင်လည်း ဆံပင်အရောင်မဆိုးသင့်သလို အခြားသူကို ဆိုးပေးတာမျိုးလည်း မလုပ်ပါနဲ့။

 

အပျော်တမ်းစီးစရာယာဉ်တွေမစီးပါနဲ့

 

ကိုယ်ဝန်ဆောင်နေရချိန်မှာ ရိုလာကိုစတာလိုမျိုး အပျော်တမ်းစီးစရာယာဉ်တွေမစီးပါနဲ့ ပြင်းထန်တဲ့ လှုပ်ရှားမှုကြောင့် မိခင်ရောကလေးပါ ထိခိုက်နိုင်တာကြောင့်ပါ။

 

အလေးအပင်တွေ မ မပါနဲ့

 

ကိုယ်ဝန်ဆောင်နေချိန်မျာ အလေးအပင်မတာက ကြွက်သားတွေကိုဆွဲဆန့်လိုက်သလိုဖြစ်စေတာ၊ အူကျွံတာ၊ ပေါင်မပြည့်တဲ့ ကလေးမွေးဖွားတာနဲ့ လမစေ့ဘဲကလေးမွေးဖွားတာမျိုးဖြစ်စေနိုင်တာကြောင့် သတိထားဖို့လိုပါမယ်။

 

ရေးသားသူ Aye Thi Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”