မြစ်ကြီးနား ၄ ဖေဖော်ဝါရီ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ တံတားဦးစီးဌာနမှ တာဝန်ယူဆောက်လုပ်ခဲ့သည့် မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားကားလမ်းပေါ် ရှိ နန့်မြစ်ခချောင်းကူး အရှည် (၃၀၂)ပေ၊ အကျယ် (၄၈)ပေ၊ (၄)လမ်းသွား နန့်မြစ်ခတံတားကို ယနေ့ နံနက် ၉ နာရီတွင် ဖွင့်လှစ်သည်။
တံတားဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေးတို့အတွက် ပြည်ထောင်စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ မြောက်မြားစွာ အကုန်အကျခံဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် နန့်မြစ်ခတံတားကို (၄)လမ်းသွား ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အခြေခံလူမှုစီးပွားကဏ္ဍများ ယခုထက်ပိုမိုတိုးတက် ကောင်းမွန်လာမှာဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တံတားဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးဇော်ဝင်းမြင့်က တံတားတည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝိုင်းမော်မြို့မှ ရပ်မိရပ်ဖ ဦးကြည်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် တံတားကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လွှတ် တော်ဒုတိယဥက္ကဋ္ဌ ဦးဒိန်ခန်ဖုန်(ခ)ဦးခန်လင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်၊ စည်ပင်သာယာရေးဝန်ကြီးဦးနော်လီ၊ လမ်းဦးစီးဌာန၊ အင်ဂျင်နီယာ ချုပ်ဦးကျော်ကျော်တို့နှင့် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ ဦးစောဇာနီလှတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တံတား၏ ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်ကို ပြည်နယ်ဝန်ကြီးချုပ်က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန် ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တံတားဦးစီးဌာနှင့်လမ်းဦးစီးဌာနတို့မှ အင်ဂျင်နီ ယာချုပ်များနှင့် တာဝန်ရှိသူများ၊ ဧည့်သည်တော်များက တံတားကို ဖြတ်သန်းကြည့်ရှုကြခဲ့ကြသည်။
ယနေ့ ဖွင့်လှစ်လိုက်သည့် နန့်မြစ်ခတံတားသည် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့အကြားတွင် ဆက်သွယ်ထားသည့် တံတားတစ်စင်းဖြစ်ပြီး သံကူကွန်ကရစ်ရေလည်တိုင်နှင့် ကမ်းကပ်ခုံ၊ သံကူကွန် ကရစ်ကြမ်းခင်းအမျိုးအစားဖြစ်ပြီး တံတားအရှည်မှာ (၃၀၂)ပေ၊ အကျယ် (၄၈)ပေရှိ (၄)လမ်းသွား တံတားတစ်ဆင်းဖြစ်ကာ ယာဉ်တစ်စီးချင်းစီ၏ ခွင့်ပြုတန်ချိန် (၇၅)တန်ရှိကာ အဆိုပါတံတားကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ပြည်နယ်ပြန်/ဆက်