ရန်ကုန် ၄ ဖေဖော်ဝါရီ
ကမာရွတ်မြို့နယ် နာနတ်တောလမ်းနှင့် ဘုရင့်နောင်လမ်းဆုံ လူကူးခုံးကျော်တံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီက အဆိုပါတံတားအနီး၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ တံတားဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌ ကမာရွတ်မြို့နယ်တွင် ယနေ့ဖွင့်လှစ်သော ခုံးကျော်တံတားသည် ရန်ကုန်မြို့အတွက် အဓိကကျသော ခုံးကျော်တံတားတစ်ခုဖြစ်ပါကြောင်း၊ ယခုနေရာသည် ရန်ကုန်ဆိပ်ကမ်းကို ဆက်သွယ်ထားသော ဘုရင့်နောင်လမ်းမကြီး၏ လမ်းဆုံနေရာတွင် တည်ရှိပါကြောင်း၊ ပြည်သူလူထုအနေဖြင့် လမ်းဖြတ်ကူးသွား လာရာတွင် အလွန်ခက်ခဲသော နေရာတစ်ခုဖြစ်ပါကြောင်း၊ ထိုခက်ခဲမှု အခြေအနေများကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်စသော လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်အပေါ် တိုင်းဒေသကြီးလွှတ်တော်၏ ဘဏ္ဍငွေ ခွဲဝေရရှိမှုအပေါ်မူတည်ကာ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ လူကူးခုံးကျော်ကို တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုတည် ဆောက်ဖွင့်လှစ်ခဲ့သော လူကူးခုံးကျော်တံတားသည် ရှည်လျားမှုလည်း ရှိပါကြောင်း၊ တံတားဧရိယာအတွင်း ရန်ကုန်ဆိပ်ကမ်းသို့သွားသော ကုန်သေတ္တာကားများ ဖြတ်သန်းနေသည့်အတွက် တံတား၏ ခိုင်ခံ့မှု၊ အများ ပြည်သူအတွက် အဆင်ပြေချောမွေ့စေနိုင်မှုများကို အခြေပြုပြီး တံတားကို စနစ်တကျ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အရည်အသွေးစိစစ်မှုကို အကောင်းဆုံးဖြစ်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် ယခုတံတားကြီးသည် အများပြည်သူအတွက် အထောက်အကူ ဖြစ်လိမ့်မည်ဟု ယုံကြည်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဉီးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဉီးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက တံတားကို ဖြတ်ကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တံတားသစ်အား ဖြတ်သန်း ကြည့်ရှုခဲ့ကြသည်။
ယနေ့ဖွင့်လှစ်ခဲ့သော အဆိုပါ လူကူးခုံးကျော်တံတားမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့ကာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အပြီးတည်ဆောက်ခဲ့ကြောင်း သိရသည်။ တံတား အရှည်မှာ ၅၂၆ ပေ ဖြစ်ပြီး တံတားအောက်ပိုင်း ကင်းလွတ်အမြင့်မှာ ၁၈ ရှိကြောင်း သိရသည်။ တံတားကြမ်းခင်းအကျယ် ၁၁ ပေရှိကာ လူသွားလမ်းအကျယ် ၉ ပေ ၄ လက်မရှိကြောင်း သိရသည်။ လှေခါး ၄ စင်းအပြင် စက်လှေခါး ၃ စင်းပါဝင်ကြောင်း သိရသည်။ တံတားမှာ Steel Plate Girder တံတားယက်မအမျိုးအစားဖြစ် ကာ တံတားယက်မ အရေအတွက် ၅ ခုထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။
ယခုကဲ့သို့ လူကူးခုံးကျော်တံတား တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ကမာရွတ်မြို့နယ် နာနတ်တောလမ်း၊ ဘုရင့်နောင်လမ်း၊ လှည်းတန်းလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းတို့ကို ပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း