နေပြည်တော် ၄ ဖေဖော်ဝါရီ 

မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်သည့် တောင်သူလယ်သမားများနှင့် တန်ဖိုးကွင်းဆက်တစ်လျှောက်ရှိ လုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေကြသည့် ကုမ္ပဏီ၊ ပုဂ္ဂလိကလုပ်ငန်းရှင်၊ အသင်းအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပုဒ်မ ၂၉ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်ရာတွင် လိုက်နာရန် လုပ်ထုံးလုပ်နည်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။ 

တောင်သူများ စိုက်ပျိုးထုတ်လုပ်လိုက်သည့် သီးနှံများအပေါ်စျေးနှုန်း၊ စျေးကွက်သေချာခိုင်မာစေရန်နှင့် ထုတ်လုပ်လိုက်သည့်သီးနှံများ အရည်အသွေးပြည့်ဝစေရန်တို့အတွက် ရည်ရွယ်ဆောင်ရွက်သည့် ကန်ထရိုက်လယ်ယာစနစ်တွင် တောင်သူနှင့် ပုဂ္ဂလိက ရင်းနှီးမြုပ်နှံသူများအကြား စျေးကွက်ကတောင်းဆိုသည့် သီးနှံများ၏ စျေးနှုန်းသတင်းအချက်အလက်များ ဖလှယ်နိုင်ခြင်းကြောင့် မစိုက်ပျိုးမီကာလမှာပင် သီးနှံအရည်အသွေးနှင့် စျေးနှုန်းကိုသတ်မှတ်သဘောတူ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် တောင်သူအနေဖြင့် သီးနှံအမျိုးအစားရွေးချယ်နိုင်ခြင်း၊ သီးနှံအရည်အသွေး ကောင်းမွန်ရေးအတွက် စိုက်ပျိုးလုပ်ကိုင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကြိုတင်ပြင်ဆင်နိုင်ခြင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများအနေဖြင့် အရည်အသွေးကောင်းသီးနှံများ လိုအပ်သည့် ပမာဏရရှိနိုင်ခြင်း၊ သယ်ယူသိုလှောင်ကြိတ်ခွဲခြင်း လုပ်ငန်းများ စီမံခန့်ခွဲမှုအားကောင်းခြင်းနှင့် စျေးကွက်သို့ စဉ်ဆက်မပြတ် တင်ပို့နိုင်မည်ဖြစ်သဖြင့် ရေရှည်တည်တံ့သော ခိုင်မာသည့် စျေးကွက်ဖန်တီးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။ 

အဆိုပါကြေညာချက်တွင် တောင်သူများက လိုက်နာဆောင်ရွက်ရန်အချက် (၉)ချက်၊ ကုမ္ပဏီ သို့မဟုတ် ပုဂ္ဂလိကလုပ်ငန်းရှင် သို့မဟုတ် အသင်းအဖွဲ့က လိုက်နာဆောင်ရွက်ရမည့် အချက်(၁၁)ချက်၊ ဌာနဆိုင်ရာများက ပံ့ပိုးဆောင်ရွက်ရမည့်အချက် (၉)ချက်ပါရှိပြီး အသေးစိတ်လေ့လာလိုပါက www.agri.com.mm နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန facekook စာမျက်နှာများတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

သတင်းစဉ်