မန္တလေး ၄ ဖေဖော်ဝါရီ

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်လူမှုဖူလုံရေးရုံး(ရုံးခွဲ-၃) မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဉပဒေနှင့်အညီ အလုပ်တွင် ထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် (ငွေလုံးငွေရင်း) ခွင့်ပြုထုတ်ပေးခြင်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ယောမင်းကြီးလမ်းရှိ Myanmar Ajinomoto Foods Co;Ltd အစည်းအဝေးခန်းမတွင် ယနေ့ ညနေ ၃ နာရီခွဲက ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်နှင်းနှင်းဦးက အဖွင့်အမှာစကားပြောကြားပြီး လူမှုဖူလုံရေးဉပဒေအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မန္တလေးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး(ရုံးခွဲ-၃)တွင် အကျုံးဝင်မှတ်ပုံတင်ထားသော Sujin Myanmar Co;Ltd  မှ အာမခံအလုပ်သမား ဦးဇော်ရဲအောင်သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် အလုပ်တာဝန်ထမ်းဆောင်ပြီး လုပ်ငန်းခွင် မန္တလေးမြို့မှ နေအိမ်ရှိရာ စဉ့်ကိုင်မြို့သို့ အပြန်လမ်းတွင် ယာဉ်တိုက်မှုကြောင့် အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၆၇၆၆၀၀၀ အားလည်းကောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် Myanmar Ajinomoto Foods Co;Ltd မှ အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား ဦးလင်းထက်အောင်သည် မိတ္ထီလာမြို့သို့ Marketing ဆင်းပြီး မန္တလေးမြို့သို့ အပြန်လမ်းတွင် ရန်ကုန်-မန္တလေးလမ်းပေါ်တွင် ရပ်ထားသော (၁၀)ဘီးကားအား ယာဉ်နောက်မှ ဝင်တိုက်မိခြင်းကြောင့် အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၆၇၀၁၃၂၀ အား လည်းကောင်း ကျန်ရစ်သူမိသားစုများအား တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒေါ်နှင်းနှင်းဦးနှင့် မြို့နယ်လူမှုဖူလုံရေးရုံး(ရုံးခွဲ-၃)မှ တာဝန်ခံဒေါ်သိင်္ဂီဦးတို့က အသီးသီးပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများကိုယ်စား Myanmar Ajinomoto Foods Co;Ltd မန္တလေးရုံးတာဝန်ခံ ဦးဉာဏ်လင်းထက်က ကျေးဇူးတင်စကား ပြောကြားသည်။

 

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်ရုံဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)