နေပြည်တော် ၄ ဖေဖော်ဝါရီ

 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌  ကျင်းပသည့် 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော လတ်တလောအသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၈/၂၀၂၀) သို့ တက်ရောက်သည်။

 

 

အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံးထုတ်ပြန်ချက်များ၊ နိုင်ငံတကာပညာရှင်များမှ ကွန်ပျူတာအသုံးပြု မျှော်မှန်းတွက်ချက်ခြင်းဖြင့် တွက်ချက်ထားသော ရောဂါဖြစ်ပွားသူတစ်ဦးထံမှ အခြားသူများထံ ကူးစက်ပျံ့ပွားနိုင်မှုအခြေခံနှုန်း တန်ဖိုးမြင့်မားနေမှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အခြားနိုင်ငံများမှ 2019 Novel Coronavirus ရောဂါပိုးကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကုထုံးသစ်များစမ်းသပ်နေမှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ဝန်ကြီးဌာနပညာရှင်များ၏ ကူးစက်ရောဂါဗေဒရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များနှင့် ရောဂါကုသမှုဆိုင်ရာအတွက် ကုသရေးရှုထောင့်မှ သုံးသပ်ချက်များ၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခြင်း၊ သံသယလူနာများအားစောစီးစွာ ထောက်လှမ်းခြင်း၊ သံသယလူနာ/ အတည်ပြုလူနာများအား အခြားသူများနှင့် မထိတွေ့စေဘဲ သီးခြားခန်းတွင် ထားရှိကုသမှုပေးခြင်း၊ သံသယ လူနာ/လူနာနှင့် အနီးကပ်ထိတွေ့ ဆက်ဆံဖူးသူများကို ထောက်လှမ်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါထပ်မံပျံ့နှံမှုကို ကာကွယ်ထိန်းချုပ်ခြင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သတင်းအချက်အလက်များအပြန်အလှန် ဝေမျှခြင်းတို့ကို လုပ်ဆောင်နေမှု။

 

 

မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် (၃)ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၄)ခုမှ မြို့နယ် (၁၀) မြို့နယ်ရှိ တရားဝင်နယ်စပ် ဝင်၊ ထွက်ပေါက် (၂၀)တွင် ဝင်ထွက်သွားလာနေမှုများအား ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်း ဆောင်ရွက်နေမှုများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လေယာဉ်ဝင်ရောက်မှုမှာ ယခင်ကနေ့စဉ် (၂၆) စီးရှိရာမှ ယခုအခါ ရှန်ဟိုင်းနှင့် ဟောင်ကောင်မှ လေယာဉ် (၂)စီးသာ ဝင်ရောက်မှု၊ မြန်မာနိုင်ငံတွင် သံသယလူနာနှင့် စောင့်ကြည့်လူနာ တွေ့ရှိမှုနှင့် ဆောင်ရွက်ထားရှိမှုများ၊ ထိုသို့တွေ့ရှိမှုများတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၏ ကောင်းမွန်သော ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နေမှု၊ သံသယလူနာများနှင့် အတူနေထိုင်သူများ၊ ရောဂါကူးစက်ခံရနိုင်ခြေရှိသည့် သံသယလူနာနှင့် အနီးကပ်ထိ တွေ့ဆက်ဆံဖူးသူများကို ထောက်လှမ်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုနေမှု။

 

 

ဟိုတယ်နှင့် တည်းခိုခန်းများ၌ သံသယရောဂါလက္ခဏာများတွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အကြောင်းကြားနိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားရှိမှု၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသောဆောင်ရွက်နေမှု အခြေအနေနှင့် သတင်းပေးပို့နေမှုအခြေအနေများ၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ဖေဖော်ဝါရီ ၂  ရက်တွင် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့သော မြန်မာနိုင်ငံသားပညာသင် (၅၉)ဦး၏ ကျန်းမာရေးအခြေအနေသည် (ယနေ့ နံနက်ပိုင်းစစ်ဆေးချက်များအရ) ကောင်းမွန်နေမှု၊ ဘဏ္ဍာရေး၊ ဆေးနှင့် ဆေးပစ္စည်းများစုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှု အခြေအနေများ စသည်တို့အပါအဝင် နောက်ဆုံးသတင်းအချက်အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ကြသည်။

 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ဝန်ထမ်းများ၊ ပညာရှင်များအနေဖြင့် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို “ပထမဦးစားပေးအရေးပေါ်” ကိစ္စရပ်အဖြစ် အားထုတ်ကြိုးပမ်း ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အားလုံးသည် ပြည်သူတစ်ရပ်လုံး၏ အကျိုးအတွက် ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည်ဖြစ်သဖြင့် အလေးထားပြီးနိုးကြား တက်ကြွစွာတုံ့ပြန်ဆောင်ရွက်ရန်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရောဂါဖြစ်ပွားမှုများနှင့်ပတ်သက်၍ ကောလာဟလသတင်းတုများကို ချေဖျက်ရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံများအား အကြံပြုထားပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါကြောင်း။

 

 

ပြည်သူလူထုအား 2019-nCoV လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ  ဖြစ်ပွားပျံ့နှံ့မှု အခြေအနေအားဖော်ပြရာတွင် ရှင်းလင်းလွယ်ကူသော Dashboard ပုံစံဖြင့် ပြသနိုင်ရေး ဌာနအတွင်းတိုင်ပင်လုပ်ဆောင်ကြရန်၊ လူနာထံမှ ဓာတ်ခွဲနမူနာများရယူမှု၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ပေးပို့မှု၊ အတည်ပြုစစ်ဆေးနိုင်ရေးအတွက် ဆောင်ရွက်မှုအဆင့်ဆင့်တို့အား ပြည်သူများသိရှိစေနိုင်ရန်အတွက် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဆက်သွယ်မှုလမ်းကြောင်း တိကျပြတ်သားမှုသည် အထူးအရေးကြီးကြောင်းနှင့် သို့မဟုတ်ပါက မလိုလားအပ်သော နှောင့်နှေးမှုများနှင့် ရှုပ်ထွေးမှုများကိုကြုံတွေ့ရနိုင်ပါကြောင်း။

 

 

ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာန၊ လေဆိပ်ကျန်းမာရေးဌာနများ၊ နယ်စပ်ဝင်၊ ထွက်ပေါက်များရှိ ကျန်းမာရေး တာဝန်ရှိသူများအားလုံးအကြား မည်သည့်ဌာနမှ မည်သို့ဆက်သွယ် ဆောင်ရွက်ရမည်ဆိုသည့် ဆက်သွယ်ချိတ်ဆက်မှုလမ်းကြောင်းများကို ရှင်းလင်းစွာ သိရှိနိုင်ရေးအတွက် လုပ်ငန်းအဆင့်ဆင့် ချိတ်ဆက်ဆောင်ရွက်ပုံအစီအစဉ် လမ်းကြောင်းပြကားချပ်ကို ရေးဆွဲပြီး သက်ဆိုင်ရာသို့ဖြန့်ဝေပေးရန်၊ ဟိုတယ်နှင့် တည်းခိုခန်းများတွင် သံသယလူနာတွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအလိုက် တယ်လီဖုန်း နံပါတ်များထားရှိထုတ်ပြန်ရန်၊ အဆိုပါ ဖုန်းနံပါတ်များကို ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသို့ ပေးပို့ရန်၊ နယ်စပ်ဒေသများနှင့် ရောဂါကူးစက်ဝင်ရောက်နိုင်ခြေရှိသော နေရာဒေများရှိ ကျန်းမာရေးဌာနများသို့ ဆေးနှင့် ဆေးပစ္စည်းများ ပိုမိုဖြန့်ဝေပေးခြင်းကိုသာမက နေရာဒေသအရ အချက်အခြာကျသော၊ မဟာဗျူဟာကျသော ကျန်းမာရေးဌာနများတွင် ဆေးနှင့် ဆေးပစ္စည်းများ စုပုံထားရှိကာ ထပ်မံလိုအပ်သည့် နေရာများသို့ အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်သွားရန်၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆေးရုံများရှိ သီးခြားခန်းများသာမက တည်ဆောက်ပြီး စီးပြီးအသုံးပြုခြင်းမရှိသေးသော ကျန်းမာရေးဌာန အဆောက်အဦများတွင် စောင့်ကြည့်လူနာနှင့် သံသယလူနာများ ထားရှိနိုင်ရေးအတွက် ရောဂါစောင့်ကြပ်ကြည့်ရှုခန်းနှင့် သီးခြားခန်းများ ပြင်ဆင်ထားရှိရန်။

 

 

တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံအဆောက်အဦအပါအဝင် တည်ဆောက်ပြီးစီး ပြီးအသုံးပြုခြင်းမရှိသေးသော တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ ကျန်းမာရေးအဆောက်အဦများ စာရင်းပြုစုတင်ပြရန်၊ လုပ်ငန်းများအတွက် ဘဏ္ဍာငွေများ ထပ်မံလိုအပ်နိုင်သည်ဖြစ်သဖြင့် ကြိုတင်တွက်ဆကာ ပြင်ဆင်ထားရှိရန်နှင့် လိုအပ်ပါက ဝန်ကြီးဌာန၏ အရေးပေါ်ရန်ပုံငွေမှ အသုံးပြုရန်၊ နယ်စပ် ဝင်၊ ထွက်ပေါက် ကုန်းလမ်းမှ ဝင်ရောက်လာသူများကို ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့်ပတ်သက်၍ ဝန်ကြီးဌာနများအကြား ညှိနှိုင်းဆောင်ရွက်ရှိသော လုပ်ငန်းကိစ္စရပ်များကို ပိုမိုကောင်းမွန်စေရေး သုံးသပ်လုပ်ဆောင်ရန်၊ အဆိုပါကိစ္စရပ်များတွင် လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် ကျန်းမာရေးဌာနများအနေဖြင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်။

 

 

နယ်စပ်ဒေသများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်မှာ အရေးကြီးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်း အသိပေးရှင်းလင်းထားရန်၊ နယ်စပ်ဝင်၊ ထွက်ပေါက်များတစ်လျှောက်ရှိနေသည့် မြို့များမှ ပြည်သူများ အဆိုပါ ကျန်းမာရေးအသိပညာဗဟုသုတများ ရရှိစေရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ကပ်ရောဂါဗေဒရှုထောင့်မှ ဆန်းစစ်သုံးသပ်ချက် (analysis) များ၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် အကြံပြုချက်များ၊ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ဝယ်ယူဖြန့်ဖြူးခြင်းဆိုင်ရာ ဆန်းစစ်သုံးသပ်ချက် (analysis) နှင့် အကြံပြုချက်များကို ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) နှင့် အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) တို့ရှိ ပညာရှင်များက လုပ်ဆောင်ရန်၊ လူစုလူဝေးများပြားသည့် ပွဲလမ်းသဘင်များတွင် ပိုမိုကူးစက်ပျံ့ပွားနိုင်သည်ဖြစ်၍ ပွဲလမ်းသဘင်များကို ယခုကာလအတွင်း လိုအပ်မှသာ ကျင်းပခြင်းနှင့် တတ်နိုင်သမျှ လျှော့ချခြင်း (social distancing) ဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုများကို ကာကွယ်လျှော့ချနိုင်မည် ဖြစ်ပါကြောင်း၊ သိပ္ပံနည်းကျပြီး အထောက်အထားများကို အခြေခံ၍ ကျိုးကြောင်းဆီလျော်သော ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

 

အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားချုပ် (ကျန်းမာရေးသတင်းအချက်အလက်)၊ ဒုတိယညွှန်ကြားချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားချုပ် (ပြည်သူ့ကျန်းမာရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မိခင်၊ ကလေး၊ မျိုးဆက်ပွား၊ ကျောင်းကျန်းမာ၊ အာဟာရ)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက် ဖျက်ရေး)၊ နေပြည်တော်ခုတင်(၁၀၀၀)ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး၊ ကူးစက်ရောဂါကုသရေးဆိုင်ရာ ပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 

သတင်းစဉ်