နေပြည်တော် ၄ ဖေဖော်ဝါရီ 

မြန်မာ့အားကစားအဆင့်အတန်း တိုးတက်စေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (၆)ကျောင်း၏ ဆောင်ရွက်နေမှုများ သုံးသပ်ခြင်းနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကားပြောကြားရာ၌ ယခုအလုပ်ရုံဆွေးနွေးပွဲသည် မြန်မာ့အားကစားလောကကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသော အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (၆)ကျောင်းကို ယခုထက် ပိုမိုထိရောက်စွာ လေ့ကျင့်သင်ကြားပေးနိုင်ရန် ဘက်စုံမှ ဆန်းစစ်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲရေးများလုပ်ရန် ဖြစ်ပါကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများတွင် လက်ရှိလေ့ကျင့်သင်ကြားပေးနေမှု ပုံစံသည် ကောင်းမွန်ခြင်း ရှိ/မရှိ၊ အချိန်ကာလသတ်မှတ်မှု သင့်လျော်မှန်ကုန်မှု ရှိ/မရှိ၊ သိပ္ပံနည်းကျသင်ကြားပေးမှု ရှိ/မရှိ စသည်တို့ကို လေ့လာသုံးသပ်ရမည်ဖြစ်ကြောင်း၊ သိပ္ပံကျောင်းများ၌ အစားအသောက် ကျွေးမွေးနေမှုသည် အာဟာရပြည့်ဝမှု ရှိ/မရှိ၊ လုံလောက်မှု ရှိ/မရှိ၊ သက်ဆိုင်ရာအားကစားနည်းအလိုက် သင့်လျော်သော အစားအသောက် အမျိုးအစား ဟုတ်/မဟုတ် စသည်တို့ကိုလည်း အာဟာရပညာရှင်များ၊ အားကစားသိပ္ပံပညာရှင်များ ရိပ်သာမှ စာဖိုးမှူးများနှင့် တိုင်ပင်ဆွေးနွေးသုံးသပ်ရမည် ဖြစ်ကြောင်း။

 

8424

 

ထို့ပြင် မျိုးဆက်သစ်အားကစားသမားများကို မည်ကဲ့သို့သော နည်းလမ်းဖြင့် ရှာဖွေစုဆောင်းမည်၊ မည်ကဲ့သို့ ရွေးချယ်မှုစံနှုန်းများ(criteria)များ သတ်မှတ်ရွေးချယ်မည်ကို ဆွေးနွေးအကြံပြုရန် ဖြစ်ကြောင်း၊ ထိုသို့ရွေးချယ်ရာတွင် အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းများတွင် လေ့ကျင့်သင်ကြားပေးနေသော အားကစားနည်း (၂၂)နည်းအလိုက် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်မှ နည်းစနစ်ကျွမ်းကျင်ပညာရှင်များ၊ လက်ရွေးစင်ဟောင်းများနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ပါဝင်ရွေးချယ်ရန် လိုအပ်ကြောင်း၊ နိုင်ငံ၏ အားကစားလောက ပြောင်းလဲတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအားလုံး ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုကြရန်နှင့် ဆန်းသစ်သော အတွေးအခေါ်များဖြင့် စဉ်းစားကြံဆတင်ပြပေးရန်နှင့် တင်ပြချက်များ၊ အကြံပြုချက်များကို အလေးအနက်စဉ်းစား၍ လမ်းပြမြေပုံနှင့် လုပ်ငန်းမူဘောင်များ ရေးဆွဲ၍ အဆင့်လိုက်အပိုင်းလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာနှင့် လွိုင်ကော်တို့မှ ကျောင်းအုပ်ကြီးများက ကျောင်းများ၏ အခြေအနေအရပ်ရပ်နှင့် ဆောင်ရွက်ထားရှိမှုများအား အသေးစိတ် သုံးသပ်ရှင်းလင်းတင်ပြဆွေးနွေးကြရာ ဖိတ်ကြားထားသော ပညာရှင်များက ပြန်လည်သုံးသပ်ဆွေးနွေးကြသည်။

ယင်းနောက် ကျောင်းအုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် ထောက်ပံ့ရေး၊ သင်တန်းသား ရွေးချယ်မှုနည်းလမ်းများနှင့် စံနှုန်းများ(Criteria)၊ လေ့ကျင့်ရေးနှင့် အကဲဖြတ်စောင့်ကြပ် ကြည့်ရူမှုစနစ်၊ အဟာရဖွံ့ဖြိုးရေးနှင့် ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေးနှင့် စာသင်ကြားရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဘဝရှေ့ရေး ခေါင်းစဉ်များဖြင့် အုပ်စုဖွဲ့ဆွေးနွေးကြသည်။

သတင်းစဉ်