နေပြည်တော် ၄ ဖေဖော်ဝါရီ

 

 

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် (၁၃၄) ကျောင်းမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

dfdds

 

 

ရှေးဦးစွာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မူးယစ်ဆေးဝါးအန္တရာယ်သည် အနာဂတ်နိုင်ငံအတွက်အားထားရမည့် ယနေ့လူငယ်များ၏ အနာဂတ်ကို ပျက်စီးစေနိုင် သည့်အတွက် မူးယစ်ဆေးဝါးအန္တရာယ်မှ ရှောင်ရှားနိုင်ရေး အသိပညာပေးရန်နှင့် မူးယစ်ဆေးဝါးများကို လက်လှမ်းမမီရန် လိုအပ်ပါကြောင်း၊ ထိုကိစ္စများကို အစိုးရအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်နှင့် ထိရောက်သော စီမံချက်များဖြင့် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးကိစ္စသည် ရေရှည်ဆောင်ရွက်ရမည့် ကိစ္စဖြစ်ရာ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများပြဌာန်းပြီး မဟာဗျူဟာများရေးဆွဲချမှတ်၍ အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ လူငယ့်ရေးရာမူဝါဒကို လူငယ်များကိုယ်တိုင် ရေးဆွဲဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ပြဌာန်းနိုင်ခဲ့ပါကြောင်း၊ လူငယ့်ရေးရာမူဝါဒကို ကဏ္ဍ (၁၆)ရပ်ဖြင့် ရေးဆွဲဆောင်ရွက်ခဲ့ပြီး ကဏ္ဍ(၃)သည် မူးယစ်ဆေးဝါးကဏ္ဍဖြစ်ကြောင်း။

 

 

မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မဟာဗျူဟာ(၅)ရပ် ချမှတ်ထားရှိရာ လူငယ်များကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်မှ ထိရောက်စွာကာကွယ်ပေးရန်၊ မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ရေးလုပ်ငန်းများတွင် လူငယ်များမှ တက်ကြွစွာ ဦးဆောင်ပါဝင် လာစေရန်၊ မူးယစ်ဆေးဝါးသုံးစွဲသည့် လူငယ်များကို ထိရောက်စွာကုသ၍ ပြန်လည်ထူထောင်ပေးရန်၊ လူငယ်များအကြား မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော အကြမ်းဖက်မှု မှုခင်းများလျှော့ချရန်နှင့် အကြမ်းဖက်ခံရခြင်းမှလည်း အကာအကွယ်ပေးရန်နှင့် စွဲလမ်းစေတတ်သည့် ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်း၊ အရက် စသည်တို့ကို လူငယ်များသုံးစွဲမှုမှ ရှောင်ကြဉ်လျှော့ချစေရန်တို့ ဖြစ်ကြောင်း၊ တက္ကသိုလ်ပါမောက္ခချုပ်ကြီးများက ဦးဆောင်၍ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများကို မူးယစ်ဆေးဝါးဆိုင်ရာ ပညာပေးမှုနှင့် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများတွင် ပြည်သူများအကြား အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးလိုခြင်းဖြစ်ကြောင်း။

မူးယစ်ဆေးကင်းဝေးသော ကျောင်း၊ တက္ကသိုလ်၊ ရပ်ကွက်၊ ကျေးရွာများဖြစ်ပေါ် စေရေးဆောင်ရွက်ခြင်းတို့ပါဝင်ကြောင်း၊ ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ပါမောက္ခချုပ်ကြီးများသည် လူငယ်များနှင့် အကျွမ်းတဝင်ရှိပြီး နေ့စဉ်ထိတွေ့ဆောင်ရွက် နေကြရသူများဖြစ်ရာ  မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးအတွက် လူငယ်ရေးရာမူဝါဒပါလုပ်ငန်းစဉ်များ စတင်အကောင်အထည်ဖော်ရာတွင် စေတနာ့ဝန်ထမ်း လုပ်အားပေး အစီအစဉ်များကို  တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ၏ ပါဝင်မှုဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

 

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် (၁၃၄)ခုရှိပါကြောင်း၊ ဆရာ ဆရာမ ၂၁၉၈၇ ဦးရှိပြီး ကျောင်းသားကျောင်းသူ နေ့သင်တန်းနှင့် အဝေးသင် စုစုပေါင်း ၁၀၁၅၂၇၄ ဦး ရှိပါကြောင်း၊ ကျောင်းသားဦးရေတိုးလာပြီး ဆရာ ဆရာမဦးရေ လျော့သွားသဖြင့် တက္ကသိုလ်များတွင် လိုအပ်သည့် ဘာသာရပ်များအတွက် ခန့်အပ်ရန် ခွင့်ပြုချက်ရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာစာလာရောက်သင်ကြားသူ နိုင်ငံခြားကျောင်းသား ၄၆၄ ဦး ရှိပါကြောင်း၊ ပါရဂူဘွဲ့ရရှိသူ ၂၁၅ ဦး၊ မဟာဘွဲ့ရရှိသူ ၅၂၄၉ ဦး၊ ရိုးရိုးဘွဲ့နှင့် ဂုဏ်ထူးဘွဲ့ရရှိသူ ၁၄၀၅၃၀ ဦး၊ ဒီပလိုမာရရှိသူ ၉၄၉၈ ဦး၊ သင်တန်းလက် မှတ်ရရှိသူ ၂၄၃၈ ဦး စုစုပေါင်း ၁၅၅၄၅၇ ဦး ရှိပါကြောင်း၊ နိုင်ငံခြားပညာရှင် (၆၈)ဦးရှိပါကြောင်း။

 

 

ရန်ကုန်တက္ကသိုလ်နှင့် တက္ကသိုလ်(၇) ကျောင်း၊ မန္တလေးတက္ကသိုလ်နှင့် (၇) ကျောင်းတို့ကိုလည်း ၂၀၁၉-၂၀၂၀ ပညာသင် နှစ်အတွက် တက္ကသိုလ်၀င်ခွင့် ကိုယ်ပိုင်စီမံခန့်ခွဲ ဆောင်ရွက်ရန် ခွင့်ပြုခြင်းနှင့် တက္ကသိုလ်၀င်ခွင့်အတွက် သက်ဆိုင်ရာ တက္ကသိုလ်များတွင် လျှောက်ထားခွင့်ပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်များတွင် ဘာသာရပ် အသစ်များတိုးချဲ့ဖွင့်လှစ်ခြင်း၊ ပညာရေးကောလိပ်များတွင် ၄ နှစ်သင် ပညာရေး (ဝိဇ္ဇာ/ သိပ္ပံဘွဲ့) သင်တန်းများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစတင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ သိပ္ပံပြပွဲ၊ အလုပ်အကိုင်အခွင့် အလမ်းပြပွဲ၊ နည်းပညာပြပွဲများကိုလည်း များများပြုလုပ်ပေးစေလိုကြောင်း၊ သုတေသန စာတမ်းများရေးသားရာတွင် ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် သုတေသန စာစောင်(၅၅၉၅)စောင် ရေးသားနိုင်ခဲ့ပါကြောင်း။

 

 

နိုင်ငံခြားပညာတော်သင်၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် စာတမ်းဖတ်ပွဲများ တက်ရောက်ရန် စေလွှတ်သူ ၁၁၉၅ ဦးရှိပါကြောင်း၊ e-Library၊ Online Registration/ e-Payment၊ Capacity Building, Professional Development, Management and Governance, Online courses, e-Learning Courses လုပ်ငန်းများကိုလည်း အားပေးလျက် ရှိပါကြောင်း၊ University များနှင့်ပတ်သက်၍ Attitudes, Values ကောင်းမွန်၍ အကြောင်းအကျိုး အကောင်းအဆိုးမှားမှန်ကို ကရုဏာအသိဖြင့် ရွေးချယ်နိုင်စွမ်းရှိသော လူသားကောင်းများ ဖြစ်လာစေရန် Employability ရှိသောဘွဲ့ရသူများ ပြုစုပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်၍ အခြေခံသုတေသန ဆောင်ရွက်နိုင်စွမ်းကောင်းရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

 

 

ယင်းနောက် အစည်းအဝေးတက်ရောက်လာသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ တာဝန်ရှိသူများက မိမိတို့တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အလိုက် အားသာချက်၊ အားနည်းချက်နှင့် စိန်ခေါ်မှုများကို ပါဝါပွိုင့်များဖြင့် ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

 

 

သတင်းစဉ်