ရန်ကုန် ၄ ဖေဖော်ဝါရီ
ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်းနှင့် ဘုရင့်နောင်လမ်းဆုံ လူကူးခုံးကျော်တံတားဖွင့်ပွဲအား ဖေဖော်ဝါရီ ၄ ရက် နံနက် ၇ နာရီ၌ အဆိုပါတံတားအောက်တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။
“ဒီခုံးကျော်တံတားက ရန်ကုန်ဆိပ်ကမ်းကို ဆက်သွယ်ထားတဲ့ ဘုရင့်နောင်လမ်းမကြီးနဲ့ အောက်ကြည့်မြင်တိုင်လမ်း၊ နာနတ်တောလမ်းနဲ့ လှည်းတန်းလမ်းတို့ ဆုံတဲ့နေရာမှာ တည်ရှိပါတယ်။ ဒီနေရာမှာ သွားလာရတဲ့ ပြည်သူလူထုအတွက် လမ်းဖြတ်ကူးတဲ့နေရာမှာ အလွန်အင်မတန် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် တိုင်းဒေသကြီးလွှတ်တော်ရဲ့ ဘဏ္ဍာငွေ ခွဲဝေရရှိမှုအပေါ်ကနေ မြို့တော်စည်ပင်သာယာက တံတားရဲ့ခိုင်ခံ့မှု၊ အများပြည်သူအတွက် အဆင်ပြေချောမွေ့စေနိုင်မှုတွေကို အခြေပြုပြီး တံတားကို စနစ်တကျနဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီတံတားကြီးဟာ အများပြည်သူအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်" ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
အဆိုပါ လူကူးခုံးကျော်တံတားအား ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး လူကူးခုံးကျော်တံတားအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်းနှင့် ဘုရင့်နောင်လမ်းဆုံသည် နေ့စဉ်လမ်းဖြတ်ကူးသည့်လူဦးရေ များပြားပြီး ကွန်တိန်နာများ ဖြတ်သန်းသွားလာမှုရှိသည့် အောက်ကြည့်မြင်တိုင် ကမ်းနားလမ်းတို့နှင့် လှည်းတန်းလမ်းတို့ဆုံသည့် လမ်းဆုံလမ်းခွနေရာဖြစ်သည့်အပြင် ရဲစခန်း၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးစာသင်တိုက်များ၊ ဆေးရုံများ၊ ဈေးများသို့ ကူးလူဖြတ်သန်းသည့် နေရာဖြစ်သဖြင့် အများပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် သန်း ၂၀၀၀ ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဆိုင်ရာ လုပ်ငန်းအဖွဲ့မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။
လူကူးခုံးကျော်တံတားသည် တံတားအရှည် ၅၂၆ ပေနှင့် လူသွားလမ်းအကျယ် ၉ ပေ ၄ လက်မရှိပြီး လှေခါး ၄ စင်း၊ စက်လှေခါး ၃ စင်း ပါရှိကာ စီမံကိန်းအား ၂၀၁၉ ခုနှစ်၊ မတ်လ ၁၂ ရက်တွင် စတင်၍ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)