ကလေးကို အကောင်းဆုံးသော အရာတွေပေးစွမ်းနိုင်တဲ့အချိန်နဲ့ သူတို့စိတ်ကြိုက်ပြင်ဆင်ပေးလိုက်လို့ သူတို့လေးတွေပျော်သွားတဲ့အချိန်က မေမေတိုင်းအတွက် ပီတိအဖြစ်ရဆုံးပါ။ ဒီအခိုက်အတန့်လေးကို ကျေနပ်တာတစ်ခုတည်းနဲ့ သားသားမီးမီးတို့အကြိုက်ဖြစ်ရင်ပြီးရောဆိုပြီး မုန့်တွေဝယ်တဲ့အခါ သူတို့သဘောတွေ့စေမယ့် အပြင်အဆင်လှလှပပ အရောင်အသွေးလှလှပပလေးဖြစ်ရင်ရောဆိုပြီး မဝယ်လိုက်ပါနဲ့။ ကလေးကျန်းမာရေးအတွက် သင့်တော်ရဲ့လားဆိုတာကိုပါ စဉ်းစားပေးပါ။

 

ကလေးအတွက်မုန့်ဝယ်တဲ့အခါ အသွင်အပြင်နဲ့အရသာထက် ဂရုစိုက်သင့်တဲ့အချက်က ဘာများလဲ……….

 

ကလေးအတွက်မုန့်ဝယ်တဲ့အခါ သူတို့ကြိုက်တဲ့အရသာဖြစ်မယ်။ သူတို့ကြိုက်မယ့် အသွင်အပြင်ထုတ်ပိုးမှု လှလှလေးဖြစ်ရုံနဲ့ မပြီးပါဘူး။ ကလေးကို တကယ် ကျန်းမာပျော်ရွှင် စေချင်တယ်ဆိုရင် သူတို့ကို ကျန်းမာအာဟာရပြည့်စေဖို့ပါ ဂရုစိုက်ဖို့လိုပါမယ်။ ကလေးအများစုကတော့ မုန့်စားတဲ့အခါ အရသာချိုချိုလေး ဖြစ်နေတာကို သဘောကျကြတာ များပါတယ်။ အသွင်အပြင် ဆိုရင်လည်း ချစ်ဖို့ကောင်းနေတာမျိုး ဒါမှမဟုတ် တောက်တောက်ပပနဲ့ စွဲဆောင်မှုရှိနေတာမျိုးကို အရမ်းသဘောကျတတ်ကြပါတယ်။

 

အချို့သော စားစရာတွေက အသွင်အပြင်လှပအောင် လုပ်ထားတတ်ပေမယ့် အရသာပြည့်စုံမှုအားနည်းတတ်ပါတယ်။ ဒီလို မဟုတ်ရင်လည်း ကလေးတွေ အရမ်းကြိုက်အောင် အချိုတွေ အင်မတန်ကဲထားတာတွေ့ရတတ်ပါတယ်။ ဒီလို အစားအစာတွေက ကလေးကို ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။ နောက်တစ်ချက်က ဒီအစားအစာတှကေ အာဟာရပါဝင်မှု နည်းနေတယ်ဆိုတဲ့အချက်ပါ။ အကြောင်းကတော့ အာဟာရပါဝင်မှုထက် စားကောင်းစေဖို့နဲ့ ဝယ်ယူမှုများအောင် အသွင်အပြင်ကိုအထူးဂရုစိုက်ထားလို့ပါ။

 

ကလေးအတွက် သရေစာ ဝယ်တော့မယ်ဆိုရင် ဘယ်အချက်တွေကို သတိထားပြီး ရှောင်ကြဉ်ရမလဲ။

 

၁။ ဆားဓာတ်အရမ်းများတဲ့ အကြွပ်ကြော်အစားအသောက်တွေ။ လေဘယ်ကိုကြည့်တဲ့အခါ ဆိုဒီယမ် (Sodium) အငန်ဓာတ်များနေတာကို တွေ့ရပါလိမ့်မယ်။

 

၂။ ပြည့်ဝဆီတွေ။ ထပ်ခါထပ်ခါ ကြော်ထားတဲ့အစားအသောက်တွေ အထူးသဖြင့် အသင့်စား အစားအသောက်တွေမှာ ပြည့်ဝဆီ (Saturated fat) တွေအများအပြားပါဝင်ပါတယ်။

 

၃။ မကျိုချက်ထားတဲ့ နို့နဲ့ ပြုလုပ်ထားတဲ့အစားအသောက်တွေ

 

၄။ သကြားဓာတ် (Sugar) ဒါမှမဟုတ် ကာဗိုဟိုက်ဒရိတ် (Carbohydrates) တွေ။

 

၅။ ကဖင်းဓာတ် (Caffeine) ဓာတ်ပါဝင်မှုတွေ။

 

ကလေးအတွက် မုန့်ဝယ်တဲ့အခါ ဒီအချက်တွေကို သတိထားပြီးရှောင်ကြဉ်ဝယ်ယူရမယ်။ ပြီးရင်တော့ ကလေးအတွက် အာဟာရဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေကို ရှာဖွေဝယ်ယူနိုင်ပါတယ်။

 

ကလေးတစ်ယောက် အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်မယ့် အာဟာရတွေက ဘာတွေများလဲ………

 

ကလေးတစ်ယောက် အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင်တော့ ဒီအာဟာရဓာတ်တွေပြည့်ဝအောင် ဂရုစိုက်ပေးဖို့လိုပါမယ်။

 

ပရိုတင်း – ကလေးရဲ့ ခန္ဓာကိုယ်ဆဲလ်တွေဖြစ်ပေါ်စေဖို့၊ အရိုးနဲ့ကြွက်သားတွေ ကြီးထွားသန်မာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ သွေးတွင်းအောက်ဆီဂျင်သယ်ဆောင်မှုကောင်းစေဖို့နဲ့ ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးဖို့လည်း အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးပါ။

 

ကာဗိုဟိုက်ဒရိတ် – ခန္ဓာကိုယ်မှာ အင်အားပြည့်နေစေဖို့ အရေးပါတဲ့ ဓာတ်တစ်ခုပါ။ တစ်ရှူးတွေ ဖြစ်ပေးစေဖို့နဲ့ ပျက်စီးသွားတဲ့ တစ်ရှုးတွေနေရာမှာ အစားထိုးမယ့် တစ်ရှူးအသစ်တွေ ဖြစ်ပေါ်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးပါတယ်။

 

အဆီ – အဆီဆိုတဲ့နေရာမှာ အကျိုးပြုတဲ့အဆီရယ် အကျိုးမပြုတဲ့အဆီရယ်ဆိုပြီးရှိပါတယ်။ ဒီအဆီနှစ်မျိုးထဲမှာမှ ကလေးကို အကျိုးပြုတဲ့အဆီ ကျွေးမိဖို့က အရေးကြီးပါတယ်။ ဒါကြောင့်ကလေးကို အကျိုးပြုအဆီပါတဲ့ အစားအစာတွေကျွေးပေးဖို့လိုပါမယ်။

 

ကယ်လ်ဆီယမ် – ကလေးမှာ ကျန်းမာတဲ့ အရိုးနဲ့သွားတွေကြီးထွားဖွံ့ဖြိုးစေဖို့အတွက် အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ သွေးတိတ်စေဖို့၊ အာရုံကြော၊ ကြွက်သားနဲ့နှလုံးစွမ်းဆောင်ရည်ကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

 

သံဓာတ် – ခန္ဓာကိုယ်က ဆဲလ်တွေဆီအောက်ဆီဂျင်ရောက်ရှိစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပြီး သွေးအားကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ အာရုံစူးစိုက်မှုကောင်းစေပြီး အမြဲတက်ကြွလန်းဆန်းနေစေမှာပါ။

 

ဖောလိတ် – ကလေးအတွက် မဖြစ်မနေလိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ဆဲလ်တွေဖွံ့ဖြိုးစေဖို့ရော ကျန်းမာစွာကြီးပြင်းစေဖို့ရော ဦးနှောက်ဖွံ့ဖြိုးမှုကောင်းစေဖို့ပါ အရေးပါတဲ့ဓာတ်တစ်မျိုးပါ။ သွေးအားနည်းရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။

 

အမျှင်ဓာတ် – အစာခြေစနစ်ကျန်းမာပြီး ဝမ်းမှန်စေဖို့အတွက် အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ နှလုံးရောဂါနဲ့ ကင်ဆာမဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အမျှင်ဓာတ်ပြည့်ဝအောင် ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့။

 

ဗီတာမင် A – အမြင်အာရုံကောင်းစွာဖွံ့ဖြိုးစေဖို့၊ အရေပြားကျန်းမာစေဖို့၊ ရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ပေးဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

 

ဗီတာမင် C – အအေးမိ၊တုပ်ကွေးဖြစ်တာတွေကနေ ကာကွယ်ပေးပြီး သွေးကြောနံရံတွေကို ကျန်းမာစေသလို အရေပြားကျန်းမာစေဖို့ အကောင်းဆုံးလုပ်ဆောင်ပေးပါတယ်။ အနာကျက်စေနိုင်ပြီး ကျန်းမာတဲ့ အရိုးနဲ့သွားတွေဖြစ်ပေါ်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။

 

ဒါကြောင့်ကလေးကို မုန့်ဝယ်ပေးတော့မယ်ဆိုရင် အသွင်အပြင်နဲ့ အရသာထက် အခုပြောခဲ့တဲ့ အာဟာရဓာတ်တွေပါဝင်နေရဲ့လားဆိုတာနဲ့ ကလေးကို လုံလောက်တဲ့ အာဟာရတွေ အပြည့်အဝ ပေးနိုင်မလားဆိုတဲ့ အချက်ကို ပိုဂရုစိုက်ပေးပါ။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”