၅ ဖေဖော်ဝါရီ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အာဖဂန်နစ္စတန်စစ်ပွဲအဆုံးသတ်ရန် အမေရိကန်တို့လုပ်ဆောင်နေသည်ဟု ယမန်နေ့ညက ၎င်း၏ နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

 

အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်စစ်တပ်သည် တာလီဘန်စစ်သွေးကြွအုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်နေပြီး အခြေအနေတိုးတက်မှုများရှိနေပြီဖြစ်ကြောင်း အောက်လွှတ်တော်အစည်းအဝေးတွင် ထရန့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

အမေရိကန်၏ကာလကြာရှည်စစ်ပွဲ နောက်ဆုံး အဆုံးသတ်ပြီး အမေရိကန်စစ်သားများ အိမ်ပြန်ရောက်ရေး လုပ်ဆောင်နေသည်ဟု ထရန့်က ဆိုသည်။

 

အမေရိကန်နှင့်တာလီဘန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပြီးခဲ့သည့်နှစ်က စတင်ပြုလုပ်ခဲ့သော်လည်း စက်တင်ဘာနှင့် ဒီဇင်ဘာလတို့တွင် အမေရိကန်တပ်ဖွဲ့ဝင်များအပေါ် တာလီဘန်တို့ တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ကြိမ်ထက်မနည်း ပြတ်တောက်သွားခဲ့သည်။

 

အာဖဂန်စစ်ပွဲသည် အမေရိကန်သမိုင်းတွင် အရှည်လျားဆုံးသော စစ်ပွဲ တစ်ခု ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံကို အမေရိကန်တပ်များ ချင်းနင်းဝင်ရောက်ခဲ့ပြီးချိန်မှစ၍ အမေရိကန်တပ်ဖွဲ့ဝင်  ၂၄၀၀ ကျော် သေဆုံးခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို