မြစ်သား ၅ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ ရွှေမုဋ္ဌောဘုရားကြီး၏ (၁၂၉)ကြိမ်မြောက် တပို့တွဲ(နှမ်းမနဲ) ဘုရားပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မန္တလေး လယ်ယာသုံးကုမ္ပဏီများအသင်းမှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ်မြောက် လယ်ယာသုံး ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၉ နာရီက ရွှေမုဋ္ဌောဘုရား အရှေ့ဘက်ရှိ ဈေးရောင်းပွဲတော်မုခ်ဦးရှေ့၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်း၊ မန္တလေး လယ်ယာသုံးကုမ္ပဏီများအသင်းဥက္ကဋ္ဌ ဦးအောင်အောင်တို့က အမှာစကားပြောကြားပြီး ရွှေမုဋ္ဌောဘုရားဂေါပကအဖွဲ့မှ ဦးမောင်ပုက ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက် ထားရှိမှုများနှင့် ကုန်စည်ပြပွဲ အ‌ခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မန္တလေး လယ်ယာသုံးကုမ္ပဏီများအသင်း ဥက္ကဋ္ဌနှင့် ရွှေမုဋ္ဌောဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌတို့က ပဉ္စမအကြိမ် လယ်ယာသုံးကုန်စည်ပြပွဲကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

 

အဆိုပါ လယ်ယာသုံးကုန်စည်ပြပွဲကြီးတွင် ကူဘိုတာ(မြတောင်)၊ ရွှေသီဟ၊ အောင်ရတနာဖြိုး၊ တောင်ပေါ်သားရီရှင်း၊ ခေတ်သစ်လယ်ယာ၊ သရဖူစိုးမြင့်၊ ရွှေထွက်တိုး၊ ဂွတ်ဘရားသား(GBS)၊ ဆိုနာလီကာ၊ ကျင်းကျူ၊ မြန်မာထူးစံ(ရွှေတွန်း) စသည့် လယ်ယာသုံး ကုမ္ပဏီများက လာရောက်ပြသ ရောင်းချပေးခြင်းဖြစ်ပြီး ဘုရားပွဲအတွင်း ဝယ်ယူမည်ဆိုပါက လက်ငင်းဖြစ်စေ၊  အရစ်ကျဖြစ်စေ မူရင်းစက်တန်ဖိုးအတိုင်း(အတိုးနှုန်းမပါ) ရောင်းချပေးမည်ဖြစ်ကာ ကုန်စည်ပြပွဲကြီးအား ဖေဖော်ဝါရီ ၄ ရက်မှ ၈ ရက်အထိ ပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း မန္တလေး လယ်ယာသုံးကုမ္ပဏီများအသင်းမှ သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)