ရန်ကုန် ၅ ဖေဖော်ဝါရီ
၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၅) ကို ဖေဖော်ဝါရီ ၇၊ ၈၊ ၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ထိပ်ဆုံးမှ ဟံသာဝတီအသင်း အဝေးကွင်းကစားရမည်ဖြစ်သလို ရတနာပုံအသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းလည်း ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။
ပွဲစဉ် (၅) အဖြစ် ဖေဖော်ဝါရီ ၇ ရက်တွင် သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ဟံသာဝတီအသင်း၊ ဖေဖော်ဝါရီ ၈ ရက်တွင် သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် စစ်ကိုင်းအသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် Southern အသင်း၊ YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် အား/ကာသိပ္ပံအသင်း၊ ဖေဖော်ဝါရီ ၉ ရက်တွင် ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် ချင်းယူနိုက်တက်အသင်း၊ ဗထူးကွင်း၌ ရတနာပုံအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ထိပ်ဆုံးမှ ဦးဆောင်နေသည့် ဟံသာဝတီအသင်းသည် မကွေးအသင်းနှင့် အဝေးကွင်း ကစားရမည်ဖြစ်ပြီး နိုင်ပွဲရယူနိုင်မှသာ ဇယားထိပ်ဆုံး၌ ဆက်လက်ရပ်တည်နိုင်မည် ဖြစ်သည်။ ဦးမျိုးမင်းထွန်းလက်ထက်တွင် ပုံစံကောင်းရနေသည့် ဟံသာဝတီအသင်းသည် ရာသီအစ လေးပွဲဆက် အနိုင်ရထားပြီး ယခုတစ်ပတ်တွင်လည်း နိုင်ပွဲဆက်ရန် အခြေအနေကောင်းနေသည်။ ယခုတစ်ပတ်၏ အကောင်းဆုံးပွဲမှာ ရတနာပုံနှင့် ရှမ်းယူနိုက်တက်အသင်းတို့ပွဲဖြစ်ပြီး ပြီးခဲ့သည့်ပွဲတွင် နှစ်သင်းစလုံး အရေးနိမ့်ထားသောကြောင့် ပိုမိုအားထုတ်ကစားဖွယ်ရှိနေသည်။ ရန်ကုန်အသင်းနှင့် ဧရာဝတီအသင်းမှာမူ ယခုတစ်ပတ်တွင် အိမ်ကွင်းကစားရမည်ဖြစ်ပြီး ဇယားအောက်ပိုင်းမှ အသင်းများနှင့် တွေ့ဆုံနေသောကြောင့် နိုင်ပွဲဆက်ဖွယ်ရှိနေသည်။ အဆင့် (၄) နေရာမှ ရခိုင်အသင်းမှာလည်း အိမ်ကွင်းထပ်မံကစားရမည်ဖြစ်ပြီး တန်းတက်ချင်းယူနိုက်တက်အသင်းနှင့် တွေ့ဆုံနေသည်။
ပွဲစဉ် (၄) အပြီးတွင် ဟံသာဝတီအသင်းက ၁၂ မှတ်ဖြင့် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်နေပြီး ရန်ကုန်နှင့် ဧရာဝတီအသင်းက ၁၀ မှတ်စီ၊ ရခိုင်အသင်းက ကိုးမှတ်၊ ရှမ်းယူနိုက်တက်အသင်းက ခြောက်မှတ်၊ ရတနာပုံနှင့် မကွေးအသင်းက ငါးမှတ်စီ၊ စစ်ကိုင်းအသင်းက လေးမှတ်၊ ချင်းယူနိုက်တက်နှင့် အား/ကာသိပ္ပံအသင်းက သုံးမှတ်စီ၊ ဇွဲကပင်အသင်းက တစ်မှတ်ရရှိထားကာ Southern အသင်းမှာမူ လေးပွဲဆက်ရှုံးပြီး အမှတ်မရသေးပေ။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်