ဆိုးလ် ၅ ဖေဖော်ဝါရီ 

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် Gyeongbokgung နန်းတော်၊ Namsan Seoul Tower ၊ Seoul Waterworks Authority နှင့် Waterworks Museum တို့သို့ သွားရောက်လေ့လာပြီး မြန်မာသံရုံးဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဒုတိယသမ္မတသည် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အဖွဲ့ဝင်များနှင့်အတူ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် မော်တော်ယာဉ်များဖြင့် Gyeongbokgung နန်းတော်သို့ရောက်ရှိကြရာ နန်းတော်ရေးရာကျွမ်းကျင်သူ မစ္စ ဘတ်မီရာ က နန်းတော် ဆိုင်ရာ အချက်အလက်များကို လိုက်လံရှင်းလင်း ပြသသည်။

 

9251


Gyeongbokgung နန်းတော်သည် Joseon မင်းဆက်ကာလ ၁၃၉၅ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါမင်းဆက်၏ ပထမဆုံးနှင့် အကြီးဆုံးနန်းတော်လည်းဖြစ်သည်။ Gyeonghuigung နန်းတော်၊ Deoksugung နန်းတော် ၊ Changdeokgung နန်းတော်နှင့် Changgyeonggung နန်းတော်တို့ရှိသော်လည်း Gyeongbokgung နန်းတော်သည် Joseon မင်းဆက်၏ အဓိကနန်းတော်ဖြစ်ကာ ယခု ဆိုးလ်မြို့ (ယခင် Hanyang မြို့) အလယ်တွင်တည်ရှိပြီး Joseon မင်းဆက်၏ အချုပ်အခြာအာဏာကို ကိုယ်စားပြုခြင်းဖြစ်ကြောင်း သိရသည်။

 

9252


ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် Namsan Seoul Tower သို့ ရောက်ရှိကြပြီး ဆိုးလ်မြို့တော် ပတ်ဝန်းကျင်ရှုခင်းများအား ကြည့်ရှုလေ့လာကြသည်။ 

Namsan Seoul Tower သည် ၂၃၆ ဒသမ ၇ မီတာအမြင့်ရှိပြီး ၁၉၆၉ ခုနှစ်တွင် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးမျှော်စင်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၀ ခုနှစ်တွင် အများပြည်သူတို့ အပန်းဖြေနားနေရာ နေရာအဖြစ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

9253


ထို့နောက် ဒုတိယသမ္မတသည် Seoul Waterworks Authority သို့ရောက်ရှိရာ ဆိုးလ်မြို့ လက်ထောက်မြို့တော်ဝန် Park Ho နှင့် တာဝန်ရှိသူတို့က ဆိုးလ်မြို့တော်အား ရေပေးဝေဖြန့်ဖြူးနေမှု၊ ရေစုဆောင်းထားရှိမှု၊ ရေသန့်စင်မှုနည်းစနစ်များ၊ ရေနှင့်ပတ်သက်သည့် နည်းပညာကူညီဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းသည်။

ဆက်လက်၍ ဒုတိယသမ္မတသည် ရေပေးဝေမှုပင်မထိန်းချုပ်ခန်းကို ကြည့်ရှုလေ့လာရာ တာဝန်ရှိတစ်ဦးက ဆိုးလ်မြို့တော် ရေပေးဝေဖြန့်ဖြူးမှု လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတသည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုလေ့လာသည်။
အဆိုပါ Seoul Waterworks Authority သည် ဟန်မြစ်ရေကိုစုပ်ယူ၍ အဆင့်ဆင့်သန့်စင်ကာ ဆိုးလ်မြို့တော်သို့ ရေပေးဝေဖြန့်ဖြူးနေခြင်းဖြစ်သည်။

 

9254


ယင်းနောက် ဒုတိယသမ္မတသည် Waterworks Museum ရောက်ရှိလေ့လာရာ ပြတိုက်တာဝန်ရှိသူတစ်ဦးက Waterworks Museum ဆိုင်ရာအချက်အလက်များကို လိုက်လံရှင်းလင်းပြသသည်။

အဆိုပါ Waterworks Museum ကို ၁၉၀၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဆိုးလ်မြို့တော်၏ အမွေအနှစ်အဖြစ် ထိန်းသိမ်းထားရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိပြီး သံရုံးအတွင်းလှည့်လည်ကြည်ရှု၍ သံရုံးဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

9255


တွေ့ဆုံစဉ် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က သံရုံးဆိုင်ရာ အချက်အလက်များနှင့် မြန်မာ - ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းပြီး နှစ်နိုင်ငံယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန်ရှိသည်များကို မှာကြားသည်။

ဆက်လက်၍ ဒုတိယသမ္မတသည် ကိုရီးယားနိုင်ငံရှိ မြန်မာအသိုက်အဝန်းနှင့် တွေ့ဆုံသည်။

သတင်းစဉ်