ပင်လည်ဘူး   ၆  ဖေဖော်ဝါရီ

 

လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့်ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၁၀ နာရီတွင် ပင်လည်ဘူးမြို့နယ် ကင်းပန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူ၊ ပင်လည်ဘူးမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်တို့တက်ရောက် အမှာစကားများ ပြောကြားခဲ့သည်။

 

ထို့နောက် မူးယစ်ဆေးဖြတ် ကုသခြင်းနှင့်ပြန်လည်ထူထောင်ရေးသင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသားများအတွက် ဝတ်စုံများဝယ်ယူရန် ‘‘သက်ထွန်းအောင် ကကုမ္ပဏီလီမိတက်’’ ကောလင်းမြို့မှ လှူဒါန်းသော ငွေကျပ် ၅ သိန်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်ခိုင်စိုးက ကင်းပန်းကျေးရွာဥက္ကဋ္ဌ ဦးခင်ဇော်ဝင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

အဆိုပါ မူးယစ်ဆေးဖြတ် ကုသခြင်းနှင့်ပြန်လည်ထူထောင်ရေးသင်တန်းကို ယခင် ကသာမြို့နှင့် ဝန်းသိုမြို့တို့တွင် ဖွင့်လှစ်ပေးခဲ့ပြီး  ယခုပင်လည်ဘူးမြို့တွင် ကသာခရိုင်အတွင်း တတိယအကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ကာ သင်တန်းသို့ တက်ရောက်သူ သင်တန်းသား ၅၀ ရှိပြီး ဖေဖော်ဝါရီ ၅ ရက်နေ့ကစ၍ ရက်ပေါင်း ၄၀ ဖွင့်လှစ်ပြီး မူးယစ်ဆေးဖြတ် ကုသခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူနှင့် တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ပင်လည်ဘူးမြို့နယ် ဝမ်းဘဲအင်း-နောင်မူးလမ်း အရှည် ပေ ၁၀ဝ၀၊ အကျယ် ၂၄ ပေရှိ သံကူကွန်ကရစ်  မူးမြစ်ကူးတံတား တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဝမ်းဘဲအင်းကျေးရွာ ပြည်သူများနှင့်တွေ့ဆုံကာ ကျေးရွာပြည်သူများက ရွာချင်းဆက် လမ်းများ၊ တံတားများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးလက်ဆေးပေးခန်းချပေးနိုင်ရေး၊ ဆက်သွယ်ရေး ကဏ္ဍများ ပြုလုပ်ဆောင်ရွက်ပေးနိုင်ရေးတို့ကို တင်ပြကြကာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)