ဂန့်ဂေါ ၆ ဖေဖော်ဝါရီ
ဂန့်ဂေါမြို့နယ် ကျောမြို့ဒေသတွင် မိုးစပါးမရိတ်သိမ်းမီ ရေလိုက်ကြဲသည့် စားတော်ပဲခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။
"လယ်မှာ စပါးမရိတ်မီ စားတော်ပဲကို ရေလိုက်ကြဲထားပြီး စပါးရိတ်ပြီးတဲ့အချိန်ကျ စားတော်ပဲပင်ပေါက်တွေက ရိုးပြတ်ကိုမှီပြီး တက်လာပါတယ်။ ထွန်ယက်စိုက်ပျိုးခလည်းသက်သာ၊ စားတော်ပဲအောင်ဖို့ အစိုဓာတ်လည်းသေချာပြီး နှစ်သီးစားရတော့ မိုးခေါင်လာတဲ့ ခုလိုအခါမှာ ဒီစိုက်စနစ်က တောင်သူတွေအတွက် အဆင်ပြေပါတယ်" ဟု ကျောမြို့ အမှတ် (၂) ရပ်ကွက်မှ စားတော်ပဲစိုက် တောင်သူတစ်ဦးက ပြောသည်။
ကျောမြို့ဒေသ၊ စကား၊ ကျဲ/နုံးကြီး၊ ဘုန်းဆိုးကြယ်၊ ကြက်ရိုး စသည့်ကျေးရွာများတွင် စပါးအပြီး လက်ဆင့်ကမ်းသီးနှံအဖြစ် စားတော်ပဲကို ရေလိုက်ကြဲသည့်စနစ်ဖြင့် စိုက်ပျိုးကြကြောင်းနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများကလည်း ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေသော သီးနှံပုံစံများ၊ သီးနှံများကို ပြောင်းလဲစိုက်ပျိုးရန် ကွင်းဆင်းပညာပေးလျက်ရှိကြောင်း သိရသည်။
တောင်သားမောင်သန်း