မြို့သစ် ၆ ဖေဖော်ဝါရီ   

 

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယူနီဆက်တို့ပူးပေါင်း၍ ဖွင့်လှစ်သည့် သောက်သုံးရေ ဘေးကင်းလုံခြုံမှုအစီအမံနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းမှ သင်တန်းသား သင်တန်းသူများသည့် ယနေ့နံနက် ၉ နာရီက မြို့သစ်မြို့နယ်၊ ချောက်ကြားကျေးရွာသို့ သောက်သုံးရေ ဘေးကင်းလုံခြုံမှု စစ်တမ်းများ လက်တွေ့ကွင်းဆင်း ကောက်ယူခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းကောက်ယူရာတွင် မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဝင်း၊ မန္တလေးယူနီဆက်ရုံးခွဲမှ ရေရရှိရေးတာဝန်ခံ ဦးမောင်မောင်၊ အနာဂတ်ကမ္ဘာအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် သောက်သုံးရေဘေးကင်းလုံခြုံမှုအစီအမံနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းမှ သင်တန်းသား သင်တန်းသူ (၂၅)ဦးတို့သည် ချောက်ကြားကျေးရွာတွင် ပြည်သူ၊ ကျေးလက်၊ ယူနီဆက် အစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော  အိမ်တိုင်ရာရောက်ရေးပေးရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ သောက်သုံးရေသုံးစွဲနေမှု အခြေအနေများကို စစ်တမ်းပုံစံများဖြင့် လက်တွေ့ကွင်းဆင်း ကောက်ယူကြသည်။

 

ထို့နောက် စစ်တမ်းများဖြင့် ကောက်ယူတွေ့ရှိသည့်အချက်များပေါ် ဝိုင်းဝန်းဆွေးနွေးကြပြီး ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ တာဝန်ယူ ပြင်ဆင်ထိန်သိမ်းရမည့်သူများ၊ ပြီးစီးအောင် ဆောင်ရွက်ရမည့် အချိန်ကာလများကို ချောက်ကြားကျေးရွာ ရေပေးရေးကော်မတီဝင်များ၊ ကျေးရွာနေပြည်သူများနှင့်အတူ သတ်မှတ်ကြသည်။

 

အဆိုပါ သောက်သုံးရေဘေးကင်းလုံခြုံမှုစစ်တမ်းကို မကွေးတိုင်းဒေသကြီးအတွင်း ပြည်သူ၊ ကျေးလက်၊ ယူနီဆက် အစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ချောက်ကြားကျေးရွာ အပါအဝင် မြို့သစ်၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ မြိုင်၊ ဆိပ်ဖြူ စသည့် မြို့နယ် ခုနစ်မြို့နယ်မှ ကျေးရွာပေါင်း ၉၁ ရွာ၌ ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။       

 

သန်းလွင်(မကွေး)