အိမ်မဲ ၆ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ပူးပေါင်း၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးအတွက် တစ်လုံးထိုးအင်ဂျင်စက်ပြင်သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်နံနက် ၉ နာရီကကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင်ထူးနှင့် မြောင်းမြခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးသင်းဦးတို့က အဖွင့်အမှာစကားများ ပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်သင်ကြားသည့် အဆိုပါ သင်တန်းသို့ သင်တန်းသား ၂၅ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ရက်(၂၀)ကြာ စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်လှစ်ခြင်းကြောင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေများ တိုးပွားလာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)