ကသာ  ၆  ဖေဖော်ဝါရီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ မြစိမ်းရောင် လည်ပတ်ရန်ပုံငွေကျပ် သိန်း(၃၀ဝ)၏ အတိုးရရှိငွေ (၅၀)ရာခိုင်နှုန်းထဲမှ ကသာမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အဆိုပါလုပ်ငန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ငါးလုပ်ငန်း ဦးစီးဌာန၏ မြစိမ်းရောင်လည်ပတ်ရန်ပုံငွေကျပ် သိန်း(၃၀ဝ)သည် စီမံကိန်းကာလ (၄)နှစ်ကျော် (၅)နှစ်အတွင်း ရောက်ရှိနေပြီး အတိုးရရှိငွေ၏ (၅၀)ရာခိုင်နှုန်းထဲမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

“ကသာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ်  ဦးစောကျွန်းကျေးရွာနှင့် သပြေပင်ကျေးရွာရှိ စာသင်ကျောင်းဝင်းများအား ခြံစည်းရိုး(Chain Link) ပေ(၁၆၀) (၅)ပေ ကာရံမှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများအတွက် ငါးလုပ်ငန်းဦးစီးဌာန၏ မတည်ရန်ပုံငွေကျပ် သိန်း(၃၀)နှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ်သိန်း(၁၀)၊ စုစုပေါင်း ငွေကျပ် သိန်း(၄၀)အထိ သုံးစွဲခဲ့ကြောင်း သိရသည်။

 

ထို့ပြင် အဆိုပါဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ကသာခရိုင်အတွင်း၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း” ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းလှအောင်က ပြောပြသည်။

 

နိုင်လင်းထက်(ပြန်/ဆက်)