ရန်ကုန် ၆ ဖေဖော်ဝါရီ
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံ စာရေးဆရာအသင်းက ကြီးမှူး၍ သုတဘဏ်စာတမ်းဖတ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ မြန်မာနိုင်ငံ စာရေးဆရာအသင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ချိုချိုတင်(မစန္ဒာ)က အဖွင့်အမှာစကားပြောကြားပြီး အသင်းဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က စာတမ်းရှင်များနှင့် မိတ်ဆက်ပေးသည်။
ထို့နောက် စာတမ်းရှင် မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ သိပ္ပကျော်စွာ ဦးကျော်ဝင်း (အမျိုးသားစာပေဆုရ မနုဿကျော်ဝင်း)က “အဖိုးတန် ဒဏ္ဍာရီနှင့် ပါးစပ်ရာဇဝင်” စာတမ်းနှင့် ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) က “ဝူဟန် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါအကြောင်း သိကောင်းစရာ” စာတမ်းတို့ကို ဖတ်ကြားကြပြီး စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းကြရာ စာတမ်းရှင်များက ပြန်လည်ဖြေကြားသည်။
သုတဘဏ် စာတမ်းဖတ်ပွဲသို့ မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုအမှုဆောင် ကော်မတီဝင်များ၊ မြို့နယ်စာရေးဆရာအသင်းဝင်များ၊ ဖိတ်ကြားထားသူများနှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။
သတင်း - ဥမ္မာသန့်


