မုဒုံ ၆ ဖေဖော်ဝါရီ

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ (၇၃)နှစ်မြောက် “ပြည်ထောင်စုနေ့” အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက  ကျင်းပသည်။

 

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမောင်ညိုက   ကျောင်းသား ကျောင်းသူများ အနေဖြင့်  စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့ကျင့်ကောင်းများ ရရှိလာစေရန်နှင့် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ထမနဲထိုးပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။   

 

ထို့နောက် အကဲဖြတ်ဒိုင်များက သတ်မှတ်ထားသည့် အချိန်နှင့်အညီပြီးစီးမှု၊ အရသာကောင်းမွန်မှု၊ သန့်ရှင်းသပ်ရပ်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းလိုက်နာမှု စသည့်အချက်များဖြင့်အကဲဖြတ်၍ ဆုများကို ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးမောင်ညိုက ထမနဲထိုးပြိုင်ပွဲကို စတင်ဖွင့်လှစ်ပေးခဲ့ပြီး နဝမတန်းကျောင်းသားများက အသင်းလိုက်အဖွဲ့(၅)ဖွဲ့ခွဲ၍ ဆရာ၊ ဆရာမများ၏ ကြီးကြပ်မှုဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသောအသင်းများကို ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

အောင်မျိုးသူ (ပြန်/ဆက်)