ဟားခါး ၆ ဖေဖော်ဝါရီ
ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၂/၂၀၂၀) အစည်းအဝေးကို ဖေဖော်ဝါရီ ၆ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဉက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဉီးဆလိုင်းလျန်လွယ် တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့် ခရီး သွား ညွှန်ကြားမှုဉီးစီးဌာန ပြည်နယ်ဉီးစီးမှူး ဉီးအောင်ဖြိုးက ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုကိစ္စရပ်များ၊ လုပ်ငန်းလိုင်စင်ကိစ္စရပ်များ၊ ယခင်အစည်းအဝေး၏ ဆုံးဖြတ်ချက်များအား ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ နေပြည်တော်၌ ကျင်းပခဲ့သည့် ခရီးသွားလုပ်ငန်း ကော်မတီ အစည်းအဝေးဆုံးဖြတ် ချက်များနှင့်ပတ်သက်၍ တင်ပြပြီး လုပ်ငန်းလိုင်စင်ဆိုင်ရာ အမှာစာများ အားတင်ပြရာ ကော်မတီက အတည်ပြုသည်။
ယင်းနောက် ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဉက္ကဋ္ဌ၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီးဉီးစိုးထက်က ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ် များအား ဖြည့်စွက် ဆွေးနွေးပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ကော်မတီဝင် များက အကြံပြုဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ် ဉီးဆလိုင်းလျန်လွယ်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဒေသဆိုင်ရာ ခရီးလုပ်ငန်းကော်မတီဉက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဉီးဆလိုင်းလျန်လွယ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ကော်မတီဝင်များ၊ ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း အထောက်အကူပြု ကော်မတီဝင်များ တက်ရောက်ကြပြီး ခရီးသွားလုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်စွာ(ပြန်/ဆက်)


