ရန်ကုန်    ဖေဖော်ဝါရီ

 

၁၆ နှစ်အတွင်း CNG သုံး မော်တော်ယာဉ်များမှ လေအိုးပေါက်ကွဲမှုဖြစ်စဉ် သုံးကြိမ်ဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုံးမှုများ ရှိသည့်အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေး က ပြောသည်။

 

CNG သုံး မော်တော်ယာဉ်များပေါ်တွင် လိုက်ပါစီးနင်းသည့် ယာဉ်မောင်းအပါအဝင် ခရီးသည်များ၏ အသက်အန္တရာယ် လုံခြုံရန်အတွက် ယာဉ်ပေါ်၌ တပ်ဆင်ထားသည့် လေအိုးများကို တစ်နှစ်လျှင် တစ်ကြိမ် စစ်ဆေးလျှက်ရှိပြီး လေအိုးများ၏ သက်မှတ်ကာလ ကျော်လွန်ပါက လုံးဝ အသုံးပြုခွင့်မပေးကြောင်း သိရသည်။

 

"၂၀၀၄ ခုနှစ်ကတည်းက ရန်ကုန်မှာကျတော့ ကညန စစ်သလိုပါပဲ၊ တစ်နှစ်တစ်ကြိမ် ကျွန်တော်တို့ဆီကို လာကိုလာရမယ်၊ လာရမယ့်အချိန်မှာ သူ့ကို လျှော့ပေါ့တဲ့ အနေနဲ့တော့ နှစ်ပတ်ပေးထားတယ်၊ သက်တမ်းကုန်ဆုံးမယ့်ရက်က ဒီ CNG ထုတ်ယူမယ့်စာအုပ်ရဲ့ ပထမစာမျက်နှာမှာရော နောက်ဆုံးစာမျက်နှာမှာရော အကုန်လုံး မှတ်ထားပါတယ်၊ ဒီဆိုင်တွေမှာလည်း Cover ပေါ်မှာကို ရေးပေးထားပါတယ်၊ သက်တမ်းကုန်ဆုံးမယ့်ရက်ကို အဲဒီရက်ကနေပြီးတော့ နှစ်ပတ်အထိ သူဆက်ထုတ်နေရင် အဲဒီနောက်ဆုံးထုတ်တဲ့ ဆိုင်ကနေပြီးတော့ တစ်ခါတည်း အနီနဲ့တားလိုက်ပါတယ်၊ AI ဝင်ရန်ပေါ့၊ ပြီးတော့မှ AI ဝင်ပြီးပြီဆိုလို့ရှိရင် အိုးတွေပေါ်မှာ အဓိက ထုတ်လုပ်တဲ့ ခုနှစ်နဲ့ ဖျက်သိမ်းမယ့်ခုနှစ် ရှိပါတယ်၊ ကြိုပြီးတော့ သူတို့ကို အသိပေးထားပါတယ်၊ တစ်ဖက်က Customer ဘက်ကြည့်တဲ့အခါကျတော့ Extension ဟာ အသက်နဲ့ရင်းရမှာပါ၊ ဒါ့ကြောင့် ကျွန်တော်တို့ကတော့ သတ်မှတ်ကာလ ကျော်လွန်တဲ့ လေအိုးကို လုံးဝခွင့်မပြုပါဘူး၊ ရပ်ဆိုင်းမှာပါ"ဟု ဦးလှဝင်းဌေး က ပြောသည်။

 

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတရှိ CNG အိုး စစ်ဆေးရေး အလုပ်ရုံတစ်ရုံနှင့် ရွာမရှိ CNG အိုး စစ်ဆေးရေးအလုပ်ရုံ နှစ်ရုံတို့ဖြင့် ၂၀၁၃ ခုနှစ်မှ လက်ရှိအချိန်ထိ ရန်ကုန်အပါအဝင် မန္တလေး၊ ချောက်၊ ရေနံချောင်းတို့မှ အလုံးရေ ၈၅၀၀၀ ခန့်ကို  လက်မှတ်ရ အင်ဂျင်နီယာများဖြင့် စစ်ဆေးခဲ့ရာ အလုံးရေ ၈၂၀၀၀ ကျော် အောင်မြင်ပြီး အလုံးရေ ၂၀၀၀ ကျော်မှာ မအောင်မြင်ခဲ့ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာန၏ စာရင်းများအရ သိရသည်။

 

လက်ရှိ CNG အိုး စစ်ဆေးရေး အလုပ်ရုံ သုံးရုံအနက် သာကေတရှိ စက်ရုံကို ယခုနှစ်ဘတ်ဂျက်အတွင်း မန္တလေးသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရသည်။

 

CNG သုံး မော်တော်ယာဉ်ပိုင်ရှင် အချို့ကလည်း CNG အိုး လဲရန် ကုန်ကျမှုများသည့်အတွက် အဆိုပါ သက်တမ်းကုန်အိုးများကို ဆက်လက်သက်တမ်းတိုးကာ အသုံးပြု၍ မရ မေးမြန်းမှာများရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။

 

"လေအိုးတွေဟာ သူ့ရဲ့သက်တမ်းရှိတယ်၊ ရှိတဲ့အတွက် ကျွန်တော်တို့ကလည်း အများပြည်သူအကျိုးငှာ ကိုယ်ဒီလုပ်ငန်းလုပ်ရင် ဒီလေအိုးက ဒီသက်တမ်းမှာ လဲရမယ်ဆိုရင်တော့ လဲကြရမှာဖြစ်တယ်၊ ဘာ့ကြောင့် လဲခိုင်းလဲ အန္တရာယ် မဖြစ်လာနိုင်အောင် လဲခိုင်းတာဖြစ်ပါတယ်"ဟု ဦးလှအောင် က ပြောသည်။

 

ထို့ပြင် ခရီးသည်အချို့မှာလည်း ဗဟုသုတ နည်းသောကြောင့် ခရီးသည်တင် ဘတ်စ်ကားများနှင့် အငှားယာဉ်များ  CNG ထည့်ရာတွင် CNG ဝင်းအတွင်းသို့ ယာဉ်နှင့်အတူ စီးနင်းလိုက်ပါမှုများရှိသည်။

 

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနအနေဖြင့် CNG စီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် တိုးချဲ့ဖော်ဆောင်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် CNG အရောင်းဆိုင် (၄၆)ဆိုင် ရှိသည့်အနက် ရန်ကုန်တွင် အရောင်းဆိုင် (၄၁)ဆိုင်၊ မကွေးတွင် ()ဆိုင်နှင့် မန္တလေးတွင်()ဆိုင် ရှိကြောင်း သိရသည်။

 

လက်ရှိ CNG  နေ့စဉ်သုံးစွဲမှုအနေဖြင့် ကုဗပေ ၂၄ သန်းကျော်ရှိပြီး ယင်းအနက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားပြည်သူ ဒသမ သန်းကို သယ်ယူပို့ဆောင်ပေးနေသော YBS ယာဉ်များအတွက် ကုဗပေ ၁၃ သန်းကျော် သုံးစွဲလျက်ရှိကြောင်း၊ အဌားယာဉ်များအတွက် ကုဗပေ သန်းခန့်နှင့် အခြားယာဉ်များအတွက် ကုဗပေ သန်းခန့် သုံးစွဲလျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနထံမှ သိရသည်။

 

Nyein Nyein